ဘားအံ   ဇန်နဝါရီ   ၈

ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာန၊ ဘားအံပညာရေးဒီဂရီကောလိပ်၏ သင်တန်းသူ ၂၀၀ ဆံ့ (၁၇၉ ပေ x ၃၆ ပေ) RCC လေးထပ်အိပ်ဆောင် တစ်ဆောင်ဆောက်လုပ်ခြင်း ပန္နတင်မင်္ဂလာအခမ်းအနားကို ဇန်နဝါရီ ၈ ရက် နံနက်ပိုင်းက အဆိုပါအဆောက်အအုံ ဆောက်လုပ်မည့်မြေနေရာ၌ ကျင်းပသည်။

ပန္နက်တင်မင်္ဂလာအခမ်းအနားတွင် ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်ဥပဒေချုပ် ဦးရဲလွင်၊ ပြည်နယ်ဝန်ကြီးများ၊  ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးကျော်စိုးနှင့် ဘားအံပညာရေး ဒီဂရီကောလိပ် ဒုတိယကျောင်းအုပ်ကြီး ဒေါ်ခင်မြင့်လှိုင်တို့ ပန္နက်တင်ရန် နေရာယူကြပြီး မင်္ဂလာအချိန်တွင် တစ်ပြိုင်နက် ပန္နက်ရိုက်ကာ အ‌မွှေးနံ့သာရည်များ ပက်ဖျန်းပေးသည်။ အဆိုပါအိပ်ဆောင်ကို ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် မီနီဘတ်ဂျက်တွင် အဆောက်အအုံ၏ ၂၅ ရာခိုင်နှုန်းကို ပြည်ထောင်စု ရန်ပုံငွေကျပ် ၂၆၁ ဒသမ ၅၂၄ သန်းဖြင့် လုပ်ငန်းစတင်ဆောင်ရွက်သွားမည်ဖြစ်ပြီး လုပ်ငန်းတစ်ခုလုံး၏ တန်ဖိုးမှာ ၁၀၂၉ ဒသမ ၆၀ သန်းဖြစ်ကာ မြန်မာတိုးတက်ချမ်းသာကုမ္ပဏီမှ တာဝန်ယူတည်ဆောက်သွားမည် ဖြစ်သည်။

ထို့နောက် ဘားအံပညာရေးဒီဂရီကောလိပ် ဒုတိယကျောင်းအုပ်ကြီးနှင့် တာဝန်ရှိသူများက အဆောက်အအုံ တည်ဆောက်ရေးရှင်းလင်းဆောင်၌ တည်ဆောက်ရေးလုပ်ငန်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။ ထို့နောက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဘားအံမြို့နယ် ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ် ပေးအပ်ပွဲအခမ်းအနားကို ဘားအံမြို့နယ်၊ လှာကာကျေးရွာ၊ ရွာလယ်ဓမ္မာရုံ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ တက်ရောက်အားပေးကြသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ဒေသခံတိုင်းရင်းသားပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ နိုင်ငံသား စိစစ်ရေးကတ် ကွင်းဆင်းဆောင်ရွက်ပေးနေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များက  ကျုံမသွယ် ကျေးရွာအုပ်စုမှ ‌ဒေသခံ တိုင်းရင်းသားပြည်သူ ၆၆ ဦးအား ပလတ်စတစ်လောင်းပြီး နိုင်ငံသား စိစစ်ရေးကတ်များအား လက်ဝယ် အရောက်ပေးအပ်ကြသည်။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဘားအံမြို့နယ် ဦးစီးမှူးရုံးအနေဖြင့် ပန်းခင်းစီမံချက် ကာလအတွင်း ပြည်သူဦးရေ ၃၂၀၁၂ ဦးကို နိုင်ငံသား စိစစ်‌ရေးကတ် ဆောင်ရွက်ပေးရန် လျာထားခဲ့ပြီး ယခုအခါ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီဖြစ်ကာ နိုင်ငံသား စိစစ်ရေးကတ် ပြုလုပ်ရန် ထပ်မံကျန်ရှိသူများနှင့် အသက်ပြည့်မီ လာမည့်သူများအား ပန်းခင်းစီမံချက်ဖြင့် ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)