ကန်ကြီးထောင့် ဇန်နဝါရီ ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်ရှိ ဘဲဂရက်-ဒီးဒုတ် ကွန်ကရစ်လမ်းဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းက အဆိုပါလမ်း မုခ်ဦးရှေ့၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများ တက်ရောက်ဖွင့်လှစ်ပေးသည်။
အခမ်းအနားတွင် ဝန်ကြီးချုပ်က "ပြည်ထောင်စုရန်ပုံငွေ၊ တိုင်းဒေသကြီးရန်ပုံငွေများဖြင့် နိုင်ငံတစ်ဝန်း ကျေးရွာနှင့်မြို့နေပြည်သူများ ကွာဟမှုမရှိစေရန်အတွက် လမ်း၊ တံတားနှင့် လျှပ်စစ်မီးများ ရရှိစေရန် ဆောင်ရွက်ခဲ့သည်မှာ အစိုးရအဆက်ဆက်ဖြစ်ကြောင်း၊ တည်ဆောက်ပြီးစီးသည့် လမ်း၊ တံတားများ ရေရှည်တည်တံ့စေရန် အတွက် ဒေသခံပြည်သူများကလည်း ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း၊ ဘဲဂရက်-ဒီးဒုတ်လမ်းသည် ကန်ကြီးထောင့်မြို့၊ ပုသိမ်မြို့နှင့် အနီးဆုံးတည်ရှိသောကြောင့် ဒေသခံပြည်သူများအတွက် သွားလာရေးပိုမိုလွယ်ကူစေမည့်အပြင် များစွာအကျိုးဖြစ်ထွန်းမည့် လမ်းဖြစ်ကြောင်း" ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီး ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးလင်းထိုက်က ကွန်ကရစ်လမ်း ဖော်ဆောင်မှုအခြေအနေများအား ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ အခမ်းအနားသို့ တက်ရောက်လာသည့် ဒေသခံပြည်သူတစ်ဦးက ကွန်ကရစ်လမ်း ဖော်ဆောင်ပေးခဲ့မှုနှင့်ပတ်သက်၍ ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ရဲမှူးကြီးတင်ဇော်ထွန်းနှင့် တိုင်းဒေသကြီးဥပဒေချုပ် ဒေါ်ခင်ခင်နွယ်တို့က ကွန်ကရစ်လမ်းအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကာ ဘဲဂရက်-ဒီးဒုတ်လမ်းအား ကြည့်ရှုစစ်ဆေးသည်။
အဆိုပါ ကွန်ကရစ်လမ်းအား တိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက လမ်းအရှည် ၈ မိုင်အား တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်ပြီး လက်ရှိတွင် ၃ မိုင်ဆောင်ရွက်ပြီးဖြစ်သည်။ ဘဲဂရက်-ဒီးဒုတ်လမ်းသည် ကျေးရွာ၂၈ ရွာမှ အိမ်ခြေ ၁၉၆၀၊ လူဦးရေ ၉၆၅၀ မှီခိုအားထားရသော လမ်းတစ်ခု ဖြစ်ပြီး ကျန်ရှိသည့် ၅ မိုင်အား ဆောင်ရွက်ပြီးစီးပါက ၎င်းလမ်းပေါ်၌ တည်ရှိသည့် ချောင်းညီနောင်တွင် ပေ၂၀၀ တံတားတစ်စင်းနှင့် ဒီးဒုတ်အုပ်ကျေးရွာအုပ်စုတွင် ပေ ၁၅၀ တံတားတစ်စင်း တည်ဆောက် ရမည်ဖြစ်သည်။ တံတားများ တည်ဆောက်ပြီးစီးပါက အိမ်မဲမြို့နယ်ရှိ ညောင်ကုန်းချောင်းဖျား-သရက်ကုန်းလမ်းနှင့် တိုက်ရိုက်ဆက်သွယ်သွားမည်ဖြစ်ပြီး အိမ်မဲမြို့နှင့် ကန်ကြီးထောင့်မြို့သို့ အလွယ်တကူ သွားလာနိုင်မည့်အပြင် ပုသိမ်မြို့အထိပါ ခရီးမိုင်တိုစွာ ဖြတ်သန်းသွားလာနိုင်မည် ဖြစ်ကြောင်း သိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)


