နေပြည်တော် ၁ ဇူလိုင်

 

ဘွဲ့လွန် ဆေးပညာသင်ကြားရေးအဖွဲ့ အစည်းအဝေး (၁/၂၀၂၀)ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အစည်းဝေးခန်းမတွင် ကျင်းပသည်။

 

အစည်းအဝေးတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ဝန်ကြီးဌာနရှိ တက္ကသိုလ်များ၏ စွမ်းဆောင်ရည်မြင့်မားမှုနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ အရည်အသွေး ပြည့်ကောင်းမွန်ထိရောက်မှုသည် တိုက်ရိုက်အချိုးကျ ဆက်စပ်နေပါကြောင်း၊ နိုင်ငံတော်အတွက် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်များ လေ့ကျင့်မွေးထုတ်ရာတွင် ပညာရပ်ပိုင်းဆိုင်ရာ ကျွမ်းကျင်မှုကို သာမက ကျင့်ဝတ်လိုက်နာဆောင်ရွက်မှု၊ ခွဲခြမ်းစိတ်ဖြာသုံးသပ်မှု၊ ဖောက်ထွက်စဉ်းစားမှု၊ အခြေအနေအရပ်ရပ်ကို ဘက်ပေါင်းစုံ၊ ရှုထောင့်စုံမှ ထည့်သွင်းစဉ်းစားမှု၊ အသင်းအဖွဲ့ဖြင့် ဆောင်ရွက်မှု၊ ရှေ့သို့မျှော်တွေးဆောင်ရွက်မှု၊ အပြုသဘောတွေးခေါ်လုပ်ဆောင်မှု စွမ်းရည်များ ရရှိစေရန်အတွက်ပါ လေ့ကျင့်သင်ကြားကြရမည် ဖြစ်ပါကြောင်း၊ သုတေသနဆိုင်ရာ သင်ခန်းစာ အကြောင်းအရာများကိုလည်း တက္ကသိုလ်ပညာသင်နှစ်တိုင်းတွင် ထည့်သွင်းသင်ကြားကြရမည် ဖြစ်ပါကြောင်း။

 

ဘွဲ့လွန်ဆေးပညာသင်တန်းများ ခေါ်ယူရာတွင်လည်း ရောဂါအမျိုးအစားအလိုက် ဖြစ်ပွားမှု အခြေအနေများ၊ ဆေးပညာဘာသာရပ်အလိုက် လက်ရှိမွေးထုတ်ထားရှိမှုအခြေအနေ၊ တာဝန်ထမ်းဆောင်နေသည် ဝန်ထမ်းပညာရှင်အရေအတွက်၊ ဘာသာရပ်အလိုက် လတ်တလောကာလနှင့် အနာဂတ်ကာလတွင် လူ့စွမ်းအားအရင်းအမြစ်လိုအပ်မှု၊ လေ့ကျင့်သင်ကြားပေးနိုင်မှု စသည်တို့နှင့် ချိန်ညှိ၍ ဝင်ခွင့်ခေါ်ယူမည့် ပမာဏကို သတ်မှတ်စေလိုပါကြောင်း၊ ဆေးလက်တွေ့ပညာရပ် ဘွဲ့လွန်သင်တန်းများ လေ့ကျင့်သင်ကြားရာတွင် အထူးကုဆရာဝန်ကြီးများရှိသည့် တိုင်းဒေသကြီး/ ပြည်နယ်ဆေးရုံကြီးများ၌ လက်တွေ့သင်ကြားမှုများအား တွဲဖက်ဆောင်ရွက်စေလိုပါကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းဖြင့် ဆေးလက်တွေ့ ဘွဲ့လွန်သင်တန်းသားများအနေဖြင့် တိုင်းဒေသကြီး/ ပြည်နယ်ဆေးရုံများမှ အတွေ့အကြုံများနှင့် အထူးကုဆရာဝန်ကြီးများထံမှ အသိပညာများ ပိုမိုရရှိနိုင်မည့်အပြင် တကယ့်လက်တွေ့ မြေပြင်အခြေအနေ၌ ကျန်းမာရေးဝန်ဆောင်မှုပေးနေသည့် ပုံစံများကို သိရှိနိုင်သည့်အတွက် အထူးအကျိုးရှိပါကြောင်း။

 

ပြည်သူ့ကျန်းမာရေးတက္ကသိုလ်(ရန်ကုန်)တွင် ကပ်ရောဂါဗေဒ၊ ဇီဝစာရင်းအင်းပညာ၊ ဇီဝဆေးပညာကျင့်ဝတ်၊ သုတေသနနည်းစနစ်၊ ကျန်းမာရေးဆိုင်ရာ လူမှုအဆောက်အဦဗေဒတို့ကို မဟာဘွဲ့သင်တန်းများအဖြစ် လည်းကောင်း၊ စာရင်းဇယားများ ခွဲခြားဝေဖန်သုံးသပ်မှု၊ သုတေသနအတွက် နမူနာ ကောက်ယူမည့်အရေအတွက်နှင့် နမူနာကောက်ယူမည့်နည်းလမ်း ဒီပလိုမာ သင်တန်းများကို လည်းကောင်း ဖွင့်လှစ်သင်ကြားစေလိုပါကြောင်း၊ အခြေခံကျန်းမာရေး တက္ကသိုလ်(မကွေး)တွင် ဆရာ၊ ဆရာမများအနေဖြင့် ကျောင်းသား၊ ကျောင်းသူများ ပါဝင်စေ၍ အသုံးချသုတေသနလုပ်ငန်းများ ပိုမိုဆောင်ရွက်စေလိုပါကြောင်း၊ ဝန်ကြီးဌာန၏ တက္ကသိုလ်များတွင် စာမေးပွဲများ အလွတ်ကျက်မှတ်ပြီး အကြောင်းအရာများကို မေးမြန်းဖြေဆိုရသည့် စနစ်ထက် ဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံများတွင် ကျင့်သုံးနေသည့် စာအုပ်စာတမ်းများကို ကြည့်ရှုကိုးကားပြီး ကိုယ်ပိုင်စဉ်းစားဉာဏ်ဖြင့် စာအုပ်ဖွင့် ဖြေဆိုရသည့် စနစ် (open book exam system) နှင့် မေးခွန်းလွှာကို မိမိနေထိုင်ရာသို့ ယူဆောင်ဖြေဆိုရသည့် စနစ် (take home exam) တို့ကိုပါကျင့်သုံးစေလိုပါကြောင်း၊ အကြောင်းအရာတစ်ခုအပေါ်တွင် သင်တန်းသား/သူများက မိမိ၏ အတွေးအမြင်များကို ရေးသားမှု (reflection paper) ကိုလည်း ဆောင်ရွက်စေလိုပြီး၊ လေ့ကျင့်ပေးခြင်းနှင့် အကဲဖြတ်အမှတ်ပေးခြင်းများကို ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ သုတေသနဂျာနယ်များကို ဖတ်ရှုလေ့လာပြီး ဆွေးနွေးမှုပြုလုပ်ခြင်းကိုလည်း ယခုထက်ပိုမိုပြုလုပ်စေလိုပါကြောင်း၊ ယခုအစည်းအဝေးတွင် တက်ရောက်လာကြသည့် ပါမောက္ခချုပ်များ၊ ပါမောက္ခ/ဌာနမှူများနှင့် ပါမောက္ခများအနေဖြင့် နိုင်ငံတော်၊ ဝန်ကြီးဌာနနှင့် ဆေးပညာရပ်တို့ ပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် ရေရှည်အကျိုးကို မျှော်မှန်းကာ မိမိတို့၏ အမြင်များကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြစေလိုပါကြောင်း ပြောကြားသည်။

 

ယင်းနောက် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ် ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်တင်လေးက အမှာစကားပြောကြားသည်။

 

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ် ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ ဆေးပညာနှင့် ဆေးပညာနှီးနွှယ်တက္ကသိုလ်များမှ ပါမောက္ခချူပ်များ၊ ဘာသာရပ်ဆိုင်ရာ ပါမောက္ခများက - (၂၀၂၁) ခု ပညာသင်နှစ်အတွက် ဘွဲ့လွန်ဆေးပညာသင်တန်းများကို တက္ကသိုလ်အလိုက် ဝင်ခွင့်ခေါ်ယူနိုင်ရေး လုပ်ငန်းအစီအစဉ်ဆိုင်ရာ ကိစ္စရပ်များ၊ ပြင်ပဆရာဝန်များအတွက် ဖွင့်လှစ်မည့် ဆေးပညာမဟာသိပ္ပံ (မိသားစုကျန်းမာရေး ဆေးပညာ) သင်တန်းဆိုင်ရာ ကိစ္စရပ်များ၊ အသစ်ဖွင့်လှစ်လိုသည့် ဒီပလိုမာ၊ fellowship နှင့် ပါရဂူဘွဲ့သင်တန်းများဆိုင်ရာ ကိစ္စရပ်များ၊ လက်ရှိတွင် မဟာဘွဲ့နှင့် ပါရဂူဘွဲ့သင်တန်း တက်ရောက်နေသူများဆိုင်ရာ ကိစ္စရပ်များ၊ လက်ရှိ မဟာဘွဲ့နှင့် ပါရဂူဘွဲ့သင်တန်းများဆိုင်ရာ ကိစ္စရပ်များ၊ တက္ကသိုလ်အလိုက် ဧည့်ကထိက၊ ဂုဏ်ထူးဆောင် ပါမောက္ခနှင့် Professor Emeritus ခန့်အပ်ရန် အဆိုပြုခြင်း စသည် ကိစ္စရပ်များနှင့် ဘွဲ့လွန်ဆေးပညာသင်ကြားရေးဆိုင်ရာ အထွေထွေကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 

သတင်းစဉ်