ဘောလခဲ ၁၃ ဩဂုတ်
ကယားပြည်နယ်၊ ဘောလခဲခရိုင်တွင် ခရိုင်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဥက္ကဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသိန်းအောင်က အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံအနေဖြင့် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂညီလာခံ သဘောတူညီစာချုပ်ကို ၁၉၉၁ ခုနှစ်၊ဇူလိုင်(၁၆)ရက်နေ့တွင် လက်ခံသဘောတူပါဝင်လက်မှတ်ရေးထိုးခဲ့ပြီး နိုင်ငံတော်အနေဖြင့် ပြည့်ပြည့်ဝဝ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာဝန်ကြီးဌာနမှ လုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ ကုလသမဂ္ဂညီလာခံ သဘောတူစာချပ်ပါ ကလေးသူငယ်များ၏ အခွင့်အရေးများကို အကာအကွယ်ပေးရေး၊နိုင်ငံ၏ ဓနအင်အားအပေါ် မူတည်၍ ကလေးသူငယ်များ အတွက် အကောင်းဆုံးအကျိုးစီးပွားကို ဖော်ဆောင်ပေးရေး၊နိုင်ငံတော်နှင့် အစိုးရမဟုတ်သည့် အဖွဲ့ အစည်းများဖြင့် ထိန်းသိမ်းစောင့်ရှောက်ရေးတို့ကို ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လတ်တလော ဖြစ်ပွားမှုများနေသော သက်ငယ်မုဒိန်းမှု လျှော့နည်းပပျောက်ရေး ထိခိုက်ခံစားနေသည့် ကလေးသူငယ်များအား လိုအပ်မည့် အကူအညီများအား အလျင်အမြန်ပေးနိုင်ရေးနှင့် ဥပဒေနှင့်အညီ ကာကွယ်စောင့်ရှောက်ပေးနိုင်ရေးအတွက် Action Plan ချမှတ် ဆောင်ရွက်လျက်ရှိကြောင်း တို့ကို ပြောကြားခဲ့သည်။
ဆက်လက်ပြီးကော်မတီအတွင်းရေးမှူး ခရိုင်လူမှု ဝန်ထမ်း ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးက ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးတင်ပြခဲ့ပြီး တက်ရောက်လာကြသည့် ကော်မတီအဖွဲ့ဝင်များက လုပ်ငန်းလိုအပ်ချက်များကို တင်ပြခဲ့ကြောင်း သိရသည်။
ဖိုးရယ်