နေပြည်တော် ၂၃ မေ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (United Nations High Commissioner for Refugees- UNHCR) တို့အကြား နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါဝန်ကြီးရုံးအစည်းအဝေး ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ဒုတိယဝန်ကြီး ဦးစိုးအောင်က ယနေ့ရေးထိုးသည့် နားလည်မှု စာချွန်လွှာသည် အဖွဲ့အစည်းနှစ်ခုအကြား ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ မူဘောင်တစ်ခုဖြစ်ပြီး အသေးစိတ် လုပ်ငန်းစဉ်များကို ထပ်မံညှိနှိုင်းဆွေးနွေးဆောင်ရွက်သွားရန်ဖြစ်ပါကြောင်း၊ MoU အရ လုပ်ငန်းစဉ်များအား အကောင်အထည်ဖော်ရာတွင် အခက်အခဲများနှင့် စိန်ခေါ်မှုများရှိပါ ကလည်း မိမိတို့ဝန်ကြီးဌာနအား ဦးစွာအသိပေးဆောင်ရွက်ရန်ဖြစ်ပါကြောင်း၊ အခက်အခဲများ ရှိခဲ့လျှင်လည်း ညှိနှိုင်းပူးပေါင်း၍ အဖြေရှာကြရန်ဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် လူသားချင်း စာနာကူညီမှု လုပ်ငန်းများကို အလေးထားဆောင်ရွက်ရသကဲ့သို့ တစ်ဖက်တွင်လည်း ဘေးသင့် ဒေသ၏ တည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေးတို့ကိုပါ ဦးစားပေးလုပ်ဆောင်ရပါကြောင်း၊ UNHCR နှင့်လက်ရှိ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ပြည်ပမှပြန်လည်ဝင်ရောက်လာသော ရွှေ့ပြောင်း အလုပ်သမားများအား ပြန်လည်လက်ခံခြင်း၊ အကြောင်းအမျိုးမျိုးကြောင့် ပြည်တွင်းနေရပ် စွန့်ခွာသူများအား ထောက်ပံ့ခြင်းနှင့် လူသားချင်းစာနာမှုအကူအညီများပံ့ပိုးပေးခြင်း လုပ်ငန်းများ တွင်လည်း ပိုမိုပူးပေါင်း ဆောင်ရွက်နိုင်ရန် မျှော်လင့်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ UNHCR ၏ မဟာမင်းကြီး Mr. Philipo Grandi က MoU လက်မှတ်ရေး ထိုးနိုင်သည့်အတွက် များစွာဝမ်းမြောက်ပါကြောင်း၊ ဒုတိယဝန်ကြီး၏ အဖွင့်အမှာစကားနှင့်အညီ ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်းနှင့် မြန်မာနိုင်ငံသို့ မိမိလာရောက် စဉ်အချိန်အတွင်း လက်မှတ်ရေးထိုးနိုင်ရန် စီစဉ်ပေးခဲ့သည့်အတွက်လည်း ကျေးဇူးအထူး တင်ရှိပါကြောင်း ပြန်လည်ပြောကြားသည်။
ထို့နောက် UNHCR ၏ မဟာမင်းကြီး Mr. PhilipoGrandiနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကိုကိုနိုင်တို့က နားလည်မှုစာချွန်လွှာကို အပြန်အလှန် လက်မှတ်ရေးထိုးလဲလှယ်ခဲ့ကြသည်။
အခမ်းအနားသို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများ၊ UNHCR၏ ဌာနေကိုယ်စားလှယ်နှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)