နေပြည်တော် ဩဂုတ် ၃၁

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် United Nations Office for the Coordination of Humanitarian Affairs(UNOCHA) တို့အကြား သဘောတူညီမှုစာလွှာ (Letter of Agreement - LoA) လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ UNOCHA မှ ဌာနေရုံးအကြီးအကဲ Mr. David Carden နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

လက်မှတ်ရေးထိုးပွဲ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က  UNOCHA နှင့် သဘောတူညီမှုစာလွှာ ရေးထိုးခြင်းဖြင့် အစိုးရက ဦးဆောင်သော ဘေးအန္တရာယ် စီမံခန့်ခွဲမှု လုပ်ငန်းများ ပိုမိုအားကောင်းစေရန် အားဖြည့်ဆောင်ရွက်ပေးခြင်း၊ အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများ၊ သဘာဝဘေးအ ရေးပေါ် တုံ့ပြန်မှုအတွက် တပ်မတော်နှင့် ဝန်ကြီးဌာနများအကြား စွမ်းဆောင်ရည်မြှင့်တင်ခြင်း လုပ်ငန်းများ၊ နည်းပညာပိုင်းဆိုင်ရာ အထောက်အကူပေးခြင်း၊ ကြိုတင်ပြင်ဆင်ရေးနှင့် သတင်း အချက်အလက် စီမံခန့်ခွဲခြင်းလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက် သွားနိုင်မည်ဖြစ်ကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ဘေးအန္တရာယ်စီမံခန့်ခွဲမှု လုပ်ငန်းများကို နိုင်ငံတော်အဆင့်မှသည် တိုင်းဒေသကြီး/ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့်အထိ ဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီများဖွဲ့၍ ခိုင်မာစွာ အားထုတ်ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း၊ အားလုံး အကျုံးဝင်ပါဝင်စေရေးဟူသော (All-Inclusive)ကို အလေးထား၍ ပြည်သူ့အကျိုးကိုရှေးရှုပြီး ဘေးအန္တရာယ်စီမံခန့်ခွဲမှုလုပ်ငန်းများ၊ လူသားချင်း စာနာထောက်ထားမှုလုပ်ငန်းများနှင့် လူမှုဖွံ့ဖြိုးရေးလုပ်ငန်းများကို လူမျိုး၊ ဘာသာမခွဲခြားဘဲ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်သူများ၏ ရေရှည်အကျိုးအတွက် ဆောင်ရွက်ရန်ဆန္ဒရှိသည့် မိတ်ဖက်အဖွဲ့ အစည်းများအနေဖြင့်  ဆောင်ရွက်မည့် လုပ်ငန်းများအား နိုင်ငံတော်၏ တည်ဆဲဥပဒေ၊ စည်းမျဉ်း စည်းကမ်းများ၊ဝန်ကြီးဌာန၏ မူဝါဒများနှင့်အညီ ညှိနှိုင်းချိတ်ဆက် ဆောင်ရွက်ရန် လိုအပ် ကြောင်း ပြောကြား သည်။

 

ထို့နောက် UNOCHA (Myanmar)၏ ဌာနေရုံးအကြီးအကဲ Mr. David Carden က   သဘောတူညီမှုစာလွှာအရ ပူးပေါင်းဆောင်ရွက်မည့်လုပ်ငန်းများ၊ လူသားချင်းစာနာ ထောက် ထားမှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့မှုနှင့် ရှေ့ဆက်ပူးပေါင်းဆောင်ရွက်မည့် အခြေအနေ များကို ရှင်းလင်းတင်ပြသည်။

 

ယင်းနောက် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ကိုကိုနိုင်နှင့် UNOCHA(Myanmar)ဌာနေရုံးအကြီးအကဲ Mr. David Carden တို့က သဘော တူညီမှုစာလွှာကို လက်မှတ်ရေးထိုးကြပြီး အပြန်အလှန် လဲလှယ်ကြသည်။

 

အဆိုပါ သဘောတူညီစာလွှာ (LoA) သက်တမ်းကာလအတွင်း UNOCHA သည် ဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့်ပူးပေါင်း၍ ဘေးအန္တရာယ် စီမံခန့်ခွဲမှုလုပ်ငန်းများ၊ အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများ၊ စွမ်းဆောင်ရည်မြှင့်တင်ခြင်းနှင့် နည်းပညာဆိုင်ရာ ပံ့ပိုး ကူညီပေးခြင်းလုပ်ငန်းများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။ (သတင်းစဉ်)