နေပြည်တော်  ၇ စက်တင်ဘာ

 

ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါး မြို့နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီး၊ ရေလျှံမှုကြောင့် ပျက်စီးခဲ့ရသော ကျေးရွာချင်းဆက် ကုန်ထုတ်တံတားငယ်များ အသစ်ပြန်လည် တည်ဆောက်နိုင်ရန်အတွက် ထောက်ပံ့ခြင်းကို ယနေ့မွန်းလွဲပိုင်း၌ ကိုဗစ်-၁၉ ဆိုင်ရာ ထုတ်ပြန်ထားသည့်  စည်းကမ်း၊ ညွှန်ကြားချက်များနှင့် အညီ ကျင်းပသည်။

 

ထောက်ပံ့ပေးအပ်ပွဲသို့ ဘေးသင့်ဒေသများ အမြန်ပြန်လည်ထူထောင်ရေး ပေါင်းစပ်ညှိနှိုင်းမှု အဖွဲ့ဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ လွှတ်တော်ကိုယ်စားလှယ်များ ပဲခူးတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူး၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက် ကြသည်။

 

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ကျောက်တံခါးမြို့နယ်၊ အောင်မြင်ကျေးရွာသို့ ရောက်ရှိပြီး ကျေးရွာအုပ်ချုပ်ရေးမှူး ရုံး၌  ပြည်သူအချို့နှင့်တွေ့ဆုံကာ အစိုးရအနေဖြင့် ပြည်သူများ၏ လိုအပ်ချက်များကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အတတ်နိုင်ဆုံး ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊  သဘာဝဘေး ကျရောက်ပြီးချိန်တွင် ပြည်သူများခံစားရသော ဘေးဒုက္ခများ အလျင်အမြန် သက်သာစေရန် ဩဂုတ် (၁၆) ရက်တွင် ဘေးသင့်ဒေသများ အမြန်ပြန်လည် ထူထောင်ရေး ပေါင်းစပ်ညှိနှိုင်းမှု အဖွဲ့ကို ဖွဲ့စည်းပြီး ထိရောက်သောပြန်လည် ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ ယနေ့တွင် ကျောက်တံခါးမြို့နယ် အတွင်းရှိ ဒေသခံပြည်သူများ၏ ညှိနှိုင်းတင်ပြမှုကြောင့် ယခုလိုထောက်ပံ့မှုများ ဆောင်ရွက်နိုင်ခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် ကိုဗစ်-၁၉ ကာလတွင် ပြည်သူများ၏ စီးပွားရေးထိခိုက်မှုများ၊ စားဝတ်နေရေး အခက်အခဲများကို လျော့နည်းသက်သာစေရန် ကိုဗစ်-၁၉ စီးပွားရေးထိခိုက်မှု သက်သာရေးစီမံချက် (CERP) အစီအစဉ်ဖြင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပဲခူးတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်နှံ့မှု ကျယ်ပြန့်စွာ မရှိသေးသော်လည်း တစ်ဦးချင်းအနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ထားသော စည်းကမ်းများ၊ ညွှန်ကြားချက်များကို တိတိကျကျ လိုက်နာကြရန် လိုအပ်ပါကြောင်းနှင့် ယခုလို အရေးပေါ် ထောက်ပံ့မှုများ ဆောင်ရွက်နိုင်ရန် ကိုဗစ်-၁၉ လိုက်နာရမည့် စည်းကမ်းချက်များနှင့်အညီ  ဆောင်ရွက်ပေးကြသော ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လိုက်နာဆောင်ရွက်ကြသည့် ဒေသခံများကို ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီး၊ ရေလျှံမှုကြောင့် ပျက်စီးခဲ့ရသော ခင်အင်းကြီးကျေးရွာအုပ်စု၊ အောင်မြင်ကျေးရွာမှ ခင်အင်းကြီးကျေးရွာသို့ ဆက်သွယ်ထားသော စခန်းဆိုး ကျေးရွာချင်းဆက် ကုန်ထုတ်တံတား အသစ်ပြန်လည်တည်ဆောက်နိုင်ရန် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ရန်ပုံငွေမှ ငွေကျပ် (၉ ဒသမ ၅၅) သန်းကို ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တာဝန်ရှိသူများနှင့် ပြည်သူများထံသို့ ပေးအပ်ပြီး ပဲခူးတိုင်းဒေသကြီး လွှတ်တော် ဒုတိယဥက္ကဋ္ဌက ထောက်ပံ့မှုအတွက် ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ပဲနွယ်ကုန်းမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ကျောက်တံခါးမြို့နယ်၊ ကျောင်းစိုးကျေးရွာအုပ်စု၊ ထိန်တောကျေးရွာနှင့် ဂွေးကုန်းကျေးရွာတို့ကို ဆက်သွယ်ထားသော ကျေးရွာချင်းဆက် ကုန်ထုတ်တံတားအသစ် ပြန်လည်တည်ဆောက်နိုင်ရန် ထောက်ပံ့ငွေကျပ် (၉ ဒသမ ၅၅) သန်းကို ကျောက်တံခါးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နှင့် ပြည်သူများထံသို့ ပေးအပ်ရာ ကျောက်တံခါးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ကျောက်တံခါးမြို့ မြို့နယ်စီမံကိန်းဦးစီးရုံး၌  ကျောက်တံခါးမြို့နယ်၊ သူဌေးကြီးရွာသစ် ကျေးရွာအုပ်စု၊ ချောင်းကောကျေးရွာနှင့် ဖြူးစုလမ်းကြီးကို ဆက်သွယ်ထားသော ရေအေးစု ချောင်းတံတား အသစ်ပြန်လည်တည်ဆောက်နိုင်ရန် ထောက်ပံ့ငွေကျပ် (၉ ဒသမ ၉)သန်း၊ ကျောက်တံခါးမြို့နယ်၊ ကျောက်တံခါး မြို့နှင့် သမင်အင်းကုန်းကျေးရွာအုပ်စု၊ ဇီးကုန်းကျေးရွာတို့ ဆက်သွယ်ထားသော မောနာတံတား အသစ်ပြန်လည် တည်ဆောက်နိုင်ရန် ထောက်ပံ့ငွေကျပ် (၉ ဒသမ ၉)သန်းတို့ကို ပဲခူးတိုင်းဒေသကြီး လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တာဝန်ရှိသူများနှင့် ပြည်သူများထံသို့ ပေးအပ်သည်။ ယင်းနောက်  ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဒုတိယဥက္ကဋ္ဌက ထောက်ပံ့မှုအတွက် ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်