ဘီလင်း ၁၈ မေ


မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ မုသင်ကျေးရွာအုပ်စု၊ ဝိုင်းပတ်ကျေးရွာရှိ သက္ကထူပ(ခ)သိကြားဘုရား စေတီတော်မြတ်ကြီးအား ရတနာစိန်ဖူးတော်၊ ရတနာ ငှက်မြတ်နားတော်၊ မကိုဋ့်ရွှေထီးတော် ဆက်ကပ်ခြင်းမင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါ စေတီတော်ဝန်းအတွင်း ကျင်းပသည်။


ရှေးဦးစွာ စေတီတော်ဝန်းအတွင်းရှိ မော်ကွန်းကမ္ဗည်းကျောက်စာနှင့် အရှင်အနုရုဒ္ဓါကျောင်းဆောင်၊ ဘိုးတော်သိကြားနှင့် မယ်တော်ကျောင်းဆောင်၊ မုခ်ဦးဖွင့်လှစ်ခြင်းတို့အား နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင် မင်းကျောင်းဆရာတော် ဘဒ္ဒန္တစန္ဒိမာဘိဝံသ ဆရာတော်ကြီးဦးဆောင်၍ ဖွင့်လှစ်ပေးပြီး အမွှေးနံ့သာရည်များ ပက်ဖျန်းပေးသည်။


ထို့နောက် ထီးတော်တင်လှူပူဇော်ပွဲ အခမ်းအနားကို ကျင်းပရာ နိုင်ငံတော်သံဃာ့ နာယကအဖွဲ့ဝင် မကွေးဆရာတော်ဘဒ္ဒန္တ ဥတ္တရအရှင်သူမြတ်ထံမှ ဧည့်ပရိသတ်များက ကိုးပါးသီလခံယူဆောက်တည်ကာ ကြွရောက်တော်မူလာကြသည့် ဆရာတော်၊ သံဃာတော်များက ပရိတ်တရားတော်များ ရွတ်ပွားသရဇ္စာုယ်ပြီး မကွေးတိုင်း ကျောင်းတော်ရာ ကျောင်းကြီးကျောင်းတိုက် ပဓါနနာယက ဘဒ္ဒန္တဓမ္မာစာရ (သာသနာ့ဓဇ ဓမ္မစရိယ) ဆရာတော်ထံမှ သြဝါဒကဋ္ဌာနာယူကြသည်။ 


ယင်းနောက် ကျိုက်ထီးဆောင်း ဒုတိယဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တနာဂဒီပမှ စေတီတော်မြတ်ကြီးအား ရတနာစိန်ဖူးတော်၊ ရတနာ ငှက်မြတ်နားတော် ဆက်ကပ်ခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းလျှောက်ထားသည်။

 

1


ဆက်လက်၍ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုနှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရဝါဒဗုဒ္ဓဘာသာအဖွဲ့ချုပ်နှင့် နယ်စပ်တောင်တန်းဒေသ သာသနာ့နုဂ္ဂဟအသင်း(ဗဟို) ဥက္ကဋ္ဌ ဝဏ္ဏကျော်ထင် ဒေါက်တာခင်ရွှေတို့က သာသနာရေးဆိုင်ရာများ လျှောက်ထားပြီး (၁၁)ပါးမြောက် တိပိဋ္ဋကဓရ ဓမ္မဘဏ္ဍာဂါရိက ဘဒ္ဒန္တဣန္ဒပါလဆရာတော် ရေးစပ်သီကုံးထားသော စေတိယပူဇာ မင်္ဂလာရတုပိုဒ်စုံကို အခမ်းနားမှူး ဦးစံသင်းလှိုင်မှ ထုတိဂါတာများကို ရွတ်ဖတ်ပူဇော်ကာ တေးသံရှင်စိမ့်နေခြည်မှ စေတိယပူဇာ မင်္ဂလာရတုပိုဒ်စုံအား သီဆိုပူဇော်သည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ၊ အလှူရှင် သာသနာနုဂ္ဂဟအသင်း (ဗဟို) ဥက္ကဋ္ဌ အဂ္ဂမဟာသီရိသုဓမ္မ မဏိဇောတဓရ၊ ဝဏ္ဏကျော်ထင် ဒေါက်တာခင်ရွှေနှင့် အလှူရှင်များက စိန်ဖူးတော်၊ ငှက်မြတ်နားတော်တို့အား သန်လျင်မြို့၊ နိုင်ငံတော် သံဃမဟာ နာယကအဖွဲ့ အကျိုးတော်ဆောင်  ဆရာတော်ကြီးထံ ဆက်ကပ်ကြသည်။
ယင်းနောက် နိုင်ငံတော် သံဃမဟာ နာယကအဖွဲ့ အကျိုးတော်ဆောင် သန်လျင်၊ မင်းကျောင်း ဆရာတော်က လှူဒါန်းမှု အစုစုအတွက် အမျှပေးဝေပြီး စိန်ဖူးတော်၊ ဌက်မြတ်နားတော်၊ ရွှေထီးတော်တို့အား ဒေဝါဝင်း ရာဇာဝင်းခြံရံလျက် စေတီတော်အထွဋ်သို့ ပင့်ဆောင်ကာ ဆရာတော်အရှင်သူမြတ်တို့က ဇယမင်္ဂလာအောင် ဂါထာများဖြင့် ရွတ်ဆိုပူဇော်၍ အောင်မြင်စွာ ထီးတော်တင်လှူသည်။ 


မွန်းလွှဲပိုင်းတွင် မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဇုတ်သုတ်စံပြကျေးရွာရှိ ဆံတော်ကြို တပ်တော်ဦး အောင်စေတီတော်မြတ်ကြီးအား ရတနာစိန်ဖူးတော်၊ ရတနာငှက်မြတ်နားတော်၊ မကိုဋ့်ရွှေထီးတော် ဆက်ကပ်ခြင်း မင်္ဂလာအခမ်းအနားကို ဆက်လက်ကျင်းပခဲ့ကြောင်း သိရသည်။


သတင်းစဉ်