ဘိုကလေး စက်တင်ဘာ ၁၃

           

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ မြို့မဈေးကြီး ပတ်ဝန်းကျင်နှင့် ကမ်းနားလမ်း ဧရာဝတီသင်္ဘောဆိပ်အနီးတွင် ကိုဗစ်-၁၉ ကူးစက်ရောဂါနှင့် မျိုးရိုးဗီဇပြောင်း ဗိုင်းရပ်စ်များအား ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကံဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့တို့ ပူးပေါင်းကာ ယနေ့နံနက်(၉)နာရီက နှာခေါင်းစည်းတပ်ဆင်သွားလာစေ ရေး (Mask Campaign) လှုပ်ရှားမှုအဖြစ် နှာခေါင်းစည်း (Mask)အခု (၅၀၀၀)အား အခမဲ့ပေးဝေခြင်းနှင့် ရောဂါထိန်းချုပ်ကာကွယ်ရေး ဆိုင်ရာများအား အသိပညာပေးခဲ့သည်။

           

အသိပညာပေးရာတွင် အဆိုပါ ပူးပေါင်းအဖွဲ့များမှ ခရီးသွားပြည်သူများ၊ ဈေးရောင်း၊ ဈေးဝယ်များ၊ သွားလာလှုပ်ရှားကြသည့် အများပြည်သူများအား ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ကူးစက်ရောဂါ စည်းကမ်းချက်များနှင့်အညီ နေအိမ်ပြင်ပသို့ထွက်ခွာတိုင်း နှာခေါင်းစည်း (Mask) ကိုမဖြစ်မနေ စနစ်တကျတပ်ဆင်သွားလာရန်၊ ကိုဗစ်-၁၉ ရောဂါစည်းကမ်းချက်များနှင့် အညီ သွားလာနေထိုင်သည့် အလေ့အကျင့်ကောင်းများ ဆက်လက်လိုက်နာဆောင်ရွက်ရန်၊ ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ဆေးများကိုလည်း အကြိမ်ပြည့် ထိုးနှံကြရန် အသိပေးနှိုးဆော်ခဲ့ကြကြောင်း သိရသည်။

 

မိုးစက်(ဘိုကလေး)