နေပြည်တော် ၂၆ ဇွန်
ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့၏ (၂၁) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီက နေပြည်တော်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူက အမှာစကားပြောကြားသည်။
ယင်းနောက် ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အတွင်းရေးမှူး ညွှန်ကြားရေးမှူးချုပ် ဦးသက်နိုင်ဦးက အစည်းအဝေးတွင် ဆွေးနွေးဆုံးဖြတ်ရမည့် အကြောင်းအရာတစ်ခုချင်းအလိုက် ဖတ်ကြားတင်ပြရာ ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှု ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက လုပ်ငန်းကဏ္ဍများအလိုက် ဆွေးနွေးဆုံးဖြတ်ကြသည်။
ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့သည် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်သော တောင်သူလယ်သမားတိုင်း တည်ဆဲ လယ်ယာမြေဆိုင်ရာ ဥပဒေများနှင့်အညီ လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် အသုံးပြုခွင့်ကို လွှဲပြောင်း၊ ရောင်းချ၊ ပေါင်နှံ၊ ငှားရမ်း၊ လဲလှယ်၊ ပေးကမ်း၊ အမွေဆက်ခံခွင့်များ ရရှိစေရန် ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ တောင်သူလယ်သမားများ လုပ်ပိုင်ခွင့်နှင့် အသုံးပြု ခွင့်ရရှိထားသော မြေယာတွင် ၎င်းတို့အတွက် အကျိုးစီးပွားဖြစ်ထွန်းသော စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကို ဥပဒေနှင့်အညီ ရွေးချယ်လုပ်ကိုင်ခွင့်ရရှိစေရန် မြေယာအသုံးချမှုနှင့် စီမံခန့်ခွဲမှုဆိုင်ရာ မူဝါဒများ၊ အမျိုးသားမြေအသုံးချမှု မူဝါဒနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိသည်။
အလားတူ နေပြည်တော်ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး၊ ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့များက လယ်ယာမြေအခြားနည်းသုံးစွဲခွင့် စိစစ်တင်ပြလာမှုများအပေါ် တည်ဆဲလယ်ယာမြေဥပဒေပါ ပြဌာန်းချက်များ၊ ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့၏ ထုတ်ပြန်ပြီးခဲ့သည့် ညွှန်ကြားချက်များနှင့်အညီ လစဉ်ကျင်းပလျက်ရှိသော ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ အစည်းအဝေးများတွင် ဆွေးနွေးဆုံးဖြတ် ဆောင်ရွက်ပေးလျက်ရှိသည်။
ယနေ့ကျင်းပသည့် ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့၏ (၂၁)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး၌ နိုင်ငံတော်စီမံကိန်းများ ဆောင်ရွက်ရာတွင် ထိခိုက်ခဲ့သည့် သီးနှံနစ်နာကြေး ဆိုင်ရာများ၊ မြေလျော်ကြေးဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း၊ လ/န ၃၉ ခွင့်ပြုမိန့်ပယ်ဖျက်ပေးပါရန်နှင့် ပြင်ဆင်ပေးပါရန် တင်ပြလာသောကိစ္စရပ်များနှင့် စပ်လျဉ်း၍လည်းကောင်း၊ တိုင်းဒေသကြီး၊ ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့များက စိစစ်ထောက်ခံပေးပို့တင်ပြလာသည့် လယ်ယာမြေ အခြားနည်းအသုံးပြုခွင့် လုပ်ငန်းစာတွဲများနှင့် စပ်လျဉ်း၍လည်းကောင်း ဆွေးနွေးဆုံးဖြတ်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


