ရန်ကုန် ၁၃ မေ
ဗဟိုဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)၊ အလယ်အလတ်အဆင့် အရာထမ်း စီမံခန့်ခွဲမှုသင်တန်း၊ ပြည်သူ့ဝန်ထမ်းစီမံခန့်ခွဲမှု အဆင့်မြင့်ဒီပလိုမာသင်တန်းအမှတ်စဉ်(၃) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ရတနာသိင်္ဃခန်းမ၌ ကျင်းပသည်။
သင်တန်းဖွင့်ပွဲသို့ ပြည်ထောင်စုရာထူးဝန်အဖွဲ့ တာဝန်ခံ အဖွဲ့ဝင် ဒေါက်တာ ဦးပွား၊ ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) ပါမောက္ခချုပ် ဦးအောင်တင်စိုး၊ ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးလှအောင်၊ ဗဟိုဝန်ထမ်း တက္ကသိုလ် (အောက်မြန်မာပြည်)မှ ဒုတိယပါမောက္ခချုပ်များ၊ တက္ကသိုလ်သင်ကြားရေး၊ စီမံဌာနများမှ ပါမောက္ခ၊ ဆရာ ဆရာမများနှင့် တာဝန်ရှိ ပုဂ္ဂိုလ်များ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် ပါမောက္ခချုပ် ဦးအောင်တင်စိုးက ယနေ့ဖွင့်လှစ်သည့် သင်တန်းသည် ယခင်က ရက်သတ္တ(၄)ပတ်ဖြင့် ဖွင့်လှစ်ခဲ့သည့် အလယ်အလတ်အဆင့် အရာထမ်းစီမံခန့်ခွဲမှုသင်တန်းအစား ယခုရက်သတ္တ(၂၀)ပတ်ဖြင့် အလယ်အလတ်အဆင့် အရာထမ်း စီမံခန့်ခွဲမှုသင်တန်း၊ ပြည်သူ့ဝန်ထမ်း စီမံခန့်ခွဲမှု အဆင့်မြင့်ဒီပလိုမာ သင်တန်းအဖြစ် အဆင့်မြှင့်တင် ဖွင့်လှစ်သည့် သင်တန်းဖြစ်ပါကြောင်း၊ သင်တန်းပြီးမြောက်ပါကလည်း ပြည်သူ့ဝန်ထမ်းစီမံခန့်ခွဲမှု အဆင့်မြင့်ဒီပလိုမာဘွဲ့ကို ချီးမြှင့်အပ်နှင်း သွားမည်ဖြစ်ပါကြောင်း။
သင်တန်းအတွက် သင်ရိုးညွှန်းတမ်း၊ သင်ရိုးဇယားများကို ပညာရေးဝန်ကြီးဌာနအောက်ရှိ တက္ကသိုလ်များမှ ပညာရှင် ဆရာ၊ ဆရာမများ၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့တွင် ဖွဲ့စည်းထားရှိသည့် တက္ကသိုလ်အကြံပေးအဖွဲ့၊ တက္ကသိုလ်ပညာရပ်အဖွဲ့နှင့် ပြည်တွင်း/ ပြည်ပ ကျွမ်းကျင်ပညာရှင်များမှ လုပ်ငန်းခွင်တွင် အသုံးချနိုင်မည့် လက်တွေ့ကျသော ချဉ်းကပ်နည်းဖြင့်လည်းကောင်း၊ နိုင်ငံတကာ၏ ကောင်းမွန်သော ဝန်ဆောင်မှု ပေးခြင်းများကို လေ့လာ၍လည်းကောင်း စနစ်တကျရေးဆွဲထားရှိသည့်အတွက် သင်တန်းသား/သူများအနေဖြင့် သင်တန်းပြီးမြောက်သည့်အခါ မိမိတို့၏ လုပ်ငန်းတာဝန်များ ထမ်းဆောင်ရာတွင် အထောက်အကူပြုနိုင်မည် ဖြစ်ပါကြောင်း။
အလယ်အလတ်အဆင့် အရာထမ်းများသည် ချမှတ်သည့် စီမံကိန်း၊ လုပ်ငန်း တာဝန်နှင့် မူဝါဒများကို အောက်ခြေက အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ပေါင်းစပ်ညှိနှိုင်းပေးခြင်း၊ ကြီးကြပ်ကွပ်ကဲခြင်းများကို ဆောင်ရွက်ရသူများ ဖြစ်သော ကြောင့် ဝန်ကြီးဌာနအဖွဲ့အစည်း၏ ရည်မှန်းချက် ပန်းတိုင်များ အောင်မြင်စေရန်အတွက် အဓိကကျသည့် အခန်းကဏ္ဍမှ ပါဝင်နေသူများ ဖြစ်ကြောင်း။
နိုင်ငံတော်အစိုးရအနေဖြင့် အလယ်အလတ်အဆင့် အရာထမ်းများ၏ လုပ်ငန်း စွမ်းရည် အရည်အသွေးမြင့်မား တိုးတက်လာစေရန်အတွက် စဉ်ဆက်မပြတ် လေ့ကျင့် ပေးနိုင်ရေးကို ဆောင်ရွက်ပေးရန် အရေးကြီးသလို သင်တန်းသား/ သူများကလည်း မိမိတို့ လက်အောက်ရှိ အရာထမ်း၊ အမှုထမ်းများကို ထိရောက်မှန်ကန်စွာ ဦးဆောင်မှု ပေးနိုင်ပြီး အထက်အဆင့်ကိုလည်း ခေတ်နှင့်အညီ ပြီးပြည့်စုံသော ပံ့ပိုးမှုကောင်းများကိုပေးနိုင်မှ သာလျှင် ဝန်ကြီးဌာန အဖွဲ့အစည်းများ၏ လုပ်ငန်းစဉ်များ အောင်မြင်လာမည်ဖြစ်ပြီး ကောင်းမွန်သည့် အုပ်ချုပ်ရေးကို အကောင်အထည် ဖော်နိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။
သင်တန်းဖွင့်ပွဲတွင် သင်တန်းသား(၄၀)၊ သင်တန်းသူ(၂၅)ဦး၊ စုစုပေါင်း(၆၅)ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ မေ ၁၃ ရက်မှ စက်တင်ဘာ ၂၇ ရက်အထိ ရက်သတ္တ ပတ်(၂၀)ကြာမြင့်မည်ဖြစ်ကြောင်း သိရှိရသည်။
(သတင်းစဉ်)