နေပြည်တော် စက်တင်ဘာ ၉
Covid-19 ကပ်ရောဂါအလွန် စီးပွားရေးထိခိုက်မှုကို ပြန်လည်ကုစားရန်၊ အလုပ်အကိုင် အခွင့်အလမ်း ရရှိစေရန်၊ မှိုစိုက်ပျိုးထုတ်လုပ်ခြင်းဖြင့် အချိန်တိုအတွင်း ဝင်ငွေရရှိစေရန်နှင့် တစ်နိုင်တစ်ပိုင် စိုက်ပျိုး ထုတ်လုပ်ခြင်းမှ စီးပွားဖြစ် စိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးလာရေးအတွက် မှိုစိုက်ပျိုးထုတ်လုပ်နည်း သင်တန်းများ ဖွင့်လှစ်ပေးလျက်ရှိကြောင်းသိရသည်။
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ (၁၀)မိုင် ဘက်စုံစိုက်ပျိုးမွေးမြူရေး သင်တန်းကျောင်းတွင် စက်တင်ဘာ ၇ ရက်က မှိုမျိုးစုံမွေးမြူစိုက်ပျိုး ထုတ်လုပ်နည်းသင်တန်း အမှတ်စဉ်(၃/၂၀၂၂) သင်တန်းဖွင့်ပွဲကို ကျင်းပခဲ့ရာ သင်တန်းသို့ နေပြည်တော်ကောင်စီနယ်မြေ၊ ရန်ကုန်၊ ပဲခူး၊ မန္တလေး၊ စစ်ကိုင်းနှင့် ဧရာဝတီတိုင်းဒေသကြီး၊ ကရင်၊ ရှမ်းနှင့် ရခိုင်ပြည်နယ် စသည့် ဒေသ(၉)ခုမှ မှိုစိုက်ပျိုးရေးလုပ်ငန်း စိတ်ပါဝင်စားသူ တောင်သူ(၂၉)ဦးတို့ တက်ရောက် လေ့လာလျက်ရှိကြသည်။
တိုင်းဒေသကြီး ပြည်နယ်အသီးသီးမှ မှိုစိုက်ပျိုးထုတ်လုပ်မှုလုပ်ငန်း စိတ်ဝင်စားသူများကို နည်းပညာများ ဖြန့်ဝေပေးနိုင်ရန်ရည်ရွယ်၍ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဖွင့်လှစ်ပေးခြင်းဖြစ်ပြီး (၇)ရက်ကြာ စာတွေ့လက်တွေ့ ပို့ချသွားမည် ဖြစ်ကြောင်း၊ သင်တန်းဖွင့်ပွဲသို့ ပဲခူးတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယတိုင်းဒေသကြီး ဦးစီးမှူး ဦးကျော်ကျော်ဦးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကော်ဖီ-ရာသီသီးနှံဌာနခွဲ မှိုပညာရှင် သင်တန်းနည်းပြများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)