ရန်ကုန်  ၈  မေ

 

ဘင်္ဂလားဒေ့ရှ် လေကြောင်းလိုင်းမှ လေယာဉ်တစ်စင်းသည် ယနေ့ ည ၇ နာရီ ခန့်က ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဆင်းသက်စဉ် မတော်တဆမှုဖြစ်ပွားသဖြင့် လေယာဉ်ကိုယ်ထည်နှင့် တောင်ပံနှစ်ဖက်ကျိုးပဲ့ပျက်စီးကာ ခရီးသည်များ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

 

ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်မှတာဝန်ရှိသူတစ်ဦးက အဆင်းမှာ ပြေးလမ်း ကျော်သွားတာပါ။ အသေအပျောက်တော့ မရှိပါဘူး။ ထိခိုက်ဒဏ်ရာရတဲ့ သူတွေတော့ရှိတယ်။ လေယာဉ်တော့ပျက်စီးသွားတယ်။ လောလောဆယ် ဖြစ်ပွားတဲ့နေရာမှာ လေယာဉ်ဆီတွေ ယိုစိမ့်နေလို့ အနားလည်းကပ်လို့ မရသေးဘူး။ မီးသတ်က အသင့် စောင့်နေရတယ်။ သတိထားပြီး လုပ်နေရတယ်ဟု ည ၇ နာရီ ၁၀ မိနစ်ခန့် က မြန်မာ့သတင်းစဉ်သို့ ပြောသည်။

 

ဖြစ်စဉ်မှာ ယနေ့ ည ၇ နာရီခန့်က Biman Bangladesh လေကြောင်းလိုင်းမှ ခရီးစဉ်အမှတ် BG.060 ၊ လေယာဉ်အမှတ် S2.A GQ Bombarider / Q.400  ဘင်္ဂလားဒေ့ရှ်နိ်ုင်ငံမှ လေယာဉ်သည် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပြေးလမ်း အမှတ် ၂၁  မှ ဆင်းသက်စဉ် အရှိန်လွန်၍ ဝ၃ ထိပ် Cargo ဘက်ပြေးလမ်း ညာဘက်ခြမ်းသို့ ပြုတ်ကျခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 

plane 001

 

ဖြစ်ပွားမှုကြောင့် လေယာဉ်သည် ဦးခေါင်းကျိုး၊ တောင်ပံနှစ်ဘက်၊ ပန်ကာဒလက်များ ကျိုးသွားကြောင်းသိရသည်။

 

ယင်းလေယာဉ်တွင် ခရီးသည်  ၂၉  ဦး ၊ လေယာဉ်အမှုထမ်း ခြောက်ဦး လိုက်ပါလာပြီး ခရီးသည်များတွင် ကနေဒါ တစ်ဦး၊ တရုတ် သုံးဦး၊ ဒိန်းမတ် တစ်ဦး၊ ပြင်သစ် တစ်ဦး၊ UK နှစ်ဦး၊ အိန္ဒိယ တစ်ဦး၊ ဆွစ်ဇာလန် တစ်ဦး၊ ဘင်္ဂလားဒေ့ရှ် ၁၆ ဦး၊ မြန်မာသုံးဦးလိုက်ပါလာကြောင်း၊ ယင်းဖြစ်စဉ်ကြောင့်   ထိခိုက်ဒဏ်ရာရရှိသူ ၁၉ ဦးအား  ဆေးရုံသို့  ပို့ဆောင်ကုသလျက် ရှိကြောင်း ကနဦးသတင်းများအရ သိရသည်။

 

လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ည ၇ နာရီခန့်မှာ ရန်ကုန်လေဆိပ်ကို ဆင်းလာတဲ့ Biman Bangladesh လေကြောင်းလိုင်းက လေယာဉ်ဟာ ပြေးလမ်းနဲ့ ဘီးမထိဘဲ ပေ ၆၀ဝ၀ လောက်မှ ပြေးလမ်းနဲ့ ဘီးသွား ထိတယ်။ နောက်ကျသွားလို့ပြန်တက်ဖို့ ကြိုးစားတဲ့အခါမှာ မတတ်နိုင်တော့ဘဲ ပြန်ကျပြီး ပြေးလမ်းအဆုံး ညာဘက်ထိပ်ကိုပြန်ကျတယ်။ လေယာဉ်တောင်ပံ နှစ်ခုကျိုးပြီး ကိုယ်ထည်တွန့်ခေါက်ပျက်စီးသွားတယဟု ပြောသည်။

 

ဖြစ်စဉ်ဖြစ်ပွားနေစဉ်အတွင်း ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ခေတ္တပိတ်ထားပြီး ယင်းအချိန်တွင် ဆင်းသက်မည့် ပြည်တွင်းလေယာဉ်များသည် နေပြည်တော် လေဆိပ်သို့လည်းကောင်း၊ ပြည်ပလေကြောင်းလိုင်းများသည် ထိုင်းနိင်ငံ၊ ချင်းမိုင်သို့ လည်းကောင်း ဆင်းသက်ခဲ့ရကြောင်း သိရသည်။

 

သတင်း-ဇော်ကြီး(ပဏီတ)၊ ဓာတ်ပုံ-ဖေဇော်

 

plane 002

 

plane 003