ရန်ကုန်  ၂   ဇူလိုင်

 

ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဗဟန်းမြို့နယ်အတွင်းရှိ လေလွင့်ခွေးများကို မေ့ဆေးထိုးနှံပြီး ဖမ်းဆီးရှင်းလင်းကာ ဘေးမဲ့ဂေဟာသို့ ပို့ဆောင်ပေးခြင်းကို ယမန်နေ့က ဗဟန်းမြို့နယ် ဆရာစံ(မြောက်/အရှေ့)ရပ်ကွက်များမှ စတင်ကာဆောင်ရွက်ခဲ့ကြသည်။

 

အဆိုပါလုပ်ငန်းများ ဆောင်ရွက်သည့်နေရာသို့ ဗဟန်းမြု့နယ်တိုင်းဒေသကြီး(၁) လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မြတ်ကျော်၊ တိုင်းဒေသကြီး(၂) လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းထွဋ်၊မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အုပ်ချုပ်ရေးမှူး ဦးစိန်ကြည်၊ ကော်မတီဝင်(၁)၊ ကော်မတီဝင်(၂)၊ အတွင်းရေးမှူး(EO)၊ မြို့တော်စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ ခွေးချစ်သူအဖွဲ့များ၊ ရပ်ကွက်နေပြည်သူများ ပူပေါင်းဆောင်ရွက်ခဲ့ကြသည်။

 

အဆိုပါဖမ်းဆီးရှင်းလင်းရာတွင် ခွေး(၁၀)ကောင်ဆန့်၊ ကားလေးစီးဖြင့် လာရောက်သယ်ဆောင်ပြီး ဖောင်ကြီးအနီးရှိ သဘာဝဓမ္မတရားရိပ်သာ ဘေးမဲ့ဂေဟာသို့ ပို့ဆောင်သွားမည်ဖြစ်သည်။

 

အဆိုပါ ဂေဟာသို့ ပို့ဆောင်ရန် ဖမ်းဆီးထားသော ခွေးများအား မွေးလိုသည့်သူများရှိပါက တရားဝင် မှတ်ပုံတင်ခြင်းဖြင့် မွေးနိုင်အောင်စီစဉ်ပေးလျက်ရှိကြောင်းလည်း သိရှိရသည်။

 

ဗဟန်းမြို့နယ်အတွင်းတွင် ရပ်ကွက်ပေါင်း(၂၂)ရပ်ကွက်ရှိပြီး ခွေးအကောင်ရေ(၂၀၀၀၀)ခန့်ကို ဖမ်းဆီးနိုင်ရေး အချိန်တစ်လခန့်ကြာမြင့်နိုင်ပြီး မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန စာရင်းများအရ မြန်မာနိုင်ငံမှာခွေး အကောင်ရေ(၄)သန်းခန့်တွင် (၇၀)ရာခိုင်နှုန်းမှာ လေလွင့်ခွေးများဖြစ်ပြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီစာရင်းအရ ရန်ကုန်တိုင်းအတွင်း လေလွင့်ခွေး အကောင်ရေ(၂၀၁၄)ခုနှစ်တွင် (၇)သောင်းခွဲရှိခဲ့ရာ လေးနှစ်အကြာ (၂၀၁၈)၊ (၂၀၁၉) ခုနှစ်တွင် နှစ်ဆကျော်အထိ မြင့်တက်ခဲ့ကြောင်း သိရှိရသည်။

 

အောင်မြင့်(ပြန်/ဆက်)