ဘဏ္ဍာရေး စည်းမျဉ်းသင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

နေပြည်တော် ဩဂုတ် ၁၂

 

ဘဏ္ဍာရေးစည်းမျဉ်း သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံတော်ဗဟိုဘဏ် Assembly Hall ၌ ကျင်းပသည်။

 

အခမ်းအနားသို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးသန်းညိန်း၊ ဒုတိယဥက္ကဋ္ဌများ ဖြစ်ကြသော ဦးဝင်းသော်နှင့် ဒေါ်သန်းသန်းဆွေ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်း/ အမှုထမ်းများ သင်တန်းဆရာများ တက်ရောက်ကြသည်။

 

အခမ်းအနားတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌက ဝန်ထမ်းများ၏ လုပ်ငန်းတာဝန် များတွင် အဓိကအရေးကြီးအချက်တစ်ချက်ဖြစ်ပြီး ဝန်ထမ်းများမရှိ မဖြစ်သိရှိရန် လိုအပ်သည့် ဘဏ္ဍာရေးစည်းမျဉ်းများဖြစ်သော ပြည့်သူ့ဘဏ္ဍာငွေများ ဆုံးရှံးနစ်နာမှု မရှိစေရန်နှင့် မိမိတို့အသုံးပြုမည့် ဘဏ္ဍာနှစ်အတွင်း ဘဏ္ဍာငွေအရအသုံး ဆိုင်ရာဥပဒေနှင့် ဘဏ္ဍာငွေခွဲဝေသုံးစွဲရေးဥပဒေအရ ဘဏ္ဍာငွေစီမံခန့်ခွဲသုံးစွဲနိုင်ရန်၊ ပြည်သူ့ဘဏ္ဍာ ငွေများ ဘဏ္ဍာငွေအရအသုံးညီမျှစွာဖြင့် ဦးစားပေးကဏ္ဍ များပေါ်မူတည်၍ ဥပဒေ၊ စည်းမျဉ်း များနှင့်အညီ ထိရောက်အကျိုးရှိစွာ အသုံးပြုနိုင်စေရန်နှင့် ပြည်သူ့ဘဏ္ဍာစီမံခန့်ခွဲမှု တိုးတက် ကောင်းမွန်စေရေးအတွက် အကောင်းဆုံး အကောင်အထည်ဖော်ဆောင်ရွက်သွားနိုင် ရန်ရည်ရွယ်၍ ယခု သင်တန်း ကို ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားသည်။

 

ဆက်လက်၍ သင်တန်းတွင် ပထမဆုရရှိသူ ဒေါ်အေးမြတ်မွန်၊ လက်ထောက်ညွှန်ကြား ရေးမှူး(ရန်ကုန်ဘဏ်ခွဲ)၊ ဒုတိယဆုရရှိသူ ဒေါ်နန်းနွယ်စိုး၊ လက်ထောက်ညွှန် ကြားရေးမှူး (ရန်ကုန်ဘဏ်ခွဲ)၊ ပူးတွဲတတိယဆု ရရှိကြသူများဖြစ်သည့် ဒေါ်မေသန္တာလင်း၊ လက်ထောက် ညွှန်ကြားရေးမှူး(နေပြည်တော်)၊ ဒေါ်ခိုင်ဆုဝေ၊ လက်ထောက်ညွှန်ကြားရေးမှူး (ရန်ကုန် ဘဏ်ခွဲ)နှင့် ဒေါ်အင်ကြင်းမေ၊ ဦးစီးအရာရှိ(ရန်ကုန်ဘဏ်ခွဲ)တို့ကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများနှင့် ညွှန်ကြားရေးမှူးချုပ်များက ဆုများချီးမြှင့်ကြပြီး သင်တန်းသားများကို သင်တန်းဆင်းအောင်လက်မှတ်များ ပေးအပ်သည်။ ယခုဖွင့်လှစ်သည့် သင်တန်းသို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ် နေပြည်တော်၊ ရန်ကုန်ဘဏ်ခွဲနှင့် မန္တလေးဘဏ်ခွဲ တို့မှ အရာထမ်းများ တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ (၁ဝ) ရက်ဖြစ်သည်။

(သတင်းစဉ်)