၃ စက်တင်ဘာ
ဘရာဇီးနိုင်ငံရှိ အကျဉ်းထောင်များနှင့် လူငယ်ထိန်းသိမ်းရေး စခန်းများတွင် ကိုဗစ်-၁၉ ရောဂါ လျင်မြန်စွာ ကူးစက်မှု ဖြစ်ပွားခဲ့ပြီး အကျဉ်းသား ၃၃၀ဝ၀ နီးပါး ကိုဗစ်-၁၉ ရောဂါ ကူးစက်နေသည်ဟု အမျိုးသားတရားရေးရာ ကောင်စီက ယမန်နေ့က သတင်းထုတ်ပြန်ထားသည်။
အကျဉ်းထောင်များတွင် ကူးစက်ခံရသူပေါင်း ၂၉၄၀၃ ဦး ရှိပြီး ထိုကူးစက်ခံရမှုကြောင့် သေဆုံးသူပေါင်း ၁၈၃ ဦးရှိရာ ပြီးခဲ့သည့် တစ်လကထက် ၅၀ ဒသမ ၆ ရာခိုင်နှုန်း မြင့်တက်လာပြီး လူငယ် ထိန်းသိမ်းရေး စခန်းများတွင် ကူးစက်ခံရသူ ၃၅၉၃ ဦး ရှိပြီး ၃၃ ဒသမ ၉ ရာခိုင်နှုန်း မြင့်တက်လာသည်။
ဧပြီလက ရီယိုဒီဂျနေးရိုး အကျဉ်းထောင် တစ်ခုတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှုကို ပထမဆုံး တွေ့ရှိခဲ့သည်။
တရားဝင် ထုတ်ပြန်သော အချက်အလက်များအရ ဘရာဇီး အကျဉ်းထောင်သည် ကမ္ဘာနိုင်ငံများရှိ အကျဉ်းထောင်များတွင် တတိယမြောက် အကြီးဆုံး အကျဉ်းထောင်ဖြစ်ပြီး အကျဉ်းသားဦးရေ ၇၇၃၀ဝ၀ ကျော် ရှိသည်။
ထိုအကျဉ်းထောင်များတွင် ရောဂါကူးစက်သူဦးရေ များပြားခြင်းမှာ အကျဉ်းသားဦးရေ များပြားခြင်းနှင့် လူအချင်းချင်း ခပ်ခွာခွာနေထိုင်ရေး အစီအမံများ မဆောင်ရွက်နိုင်ခြင်းတို့ကြောင့် ဖြစ်သည်ဟု ကျွမ်းကျင်သူများက ဆိုသည်။
ဘရာဇီးနိုင်ငံတွင် ယခုအချိန်အထိ ရောဂါကူးစက် ခံရသူပေါင်း ၃၉၉၇၈၆၅ ဦးနှင့် ကူးစက်ခံရမှုကြောင့် သေဆုံးသူ ၁၂၃၇၈၀ ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ယမန်နေ့က ပြောကြားခဲ့သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို
