ရန်ကုန် မတ် ၇

ဘုန်းတော်ကြီးကျောင်း ပညာသင်ကြားမှု(ဗဟို) ကြီးကြပ်ရေးအဖွဲ့ (၂၈)ကြိမ်မြောက် အစည်းအဝေးကို ယနေ့ နံနက် ၉ နာရီက ရန်ကုန်တိုင်းဒေသကြီး ကမ္ဘာအေးကုန်းမြေရှိ နိုင်ငံတော် ပရိယတ္တိသာသနာ့တက္ကသိုလ် (ရန်ကုန်) ဘွဲ့နှင်းသိမ်ဓမ္မာရုံ၌ ကျင်းပသည်။

 

အစည်းအဝေးသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဆရာတော်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဘုန်းတော်ကြီးကျောင်း ပညာသင်ကြားမှုကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူး ဆရာတော်များ ကြွရောက်တော်မူကြပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ ဘုန်းတော်ကြီးကျောင်း ပညာသင်ကြားမှု(ဗဟို) ကြီးကြပ်ရေးအဖွဲ့ဝင်များနှင့် တိုင်းဒေသကြီး/ ပြည်နယ် သာသနာရေးမှူးများ တက်ရောက်ကြည်ညိုကြသည်။

 

ရှေးဦးစွာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အဖွဲ့ဝင်၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ၊ ဒွိပိဋကဓရ ဘဒ္ဒန္တနာဂိတက ဩဝါဒမြွက်ကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက သာသနာရေးဆိုင်ရာများ လျှောက်ထားရာတွင် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများသည် သာသနာတော်အတွက်ရော တိုင်းပြည်နှင့် လူမျိုးအတွက်ပါ အကျိုးရှိသည့်အပြင် ပညာသင်ကြားရန် အခက်အခဲရှိကြသော ကလေးသူငယ်များကို ပညာသင်ကြားပေးသဖြင့်ကျောင်းနေအရွယ်ကလေး ကျောင်းနေနိုင်ရေးဟူသော ပညာရေးမျှော်မှန်းချက်များ ထမြောက်အောင်မြင်ရေး အတွက်လည်း များစွာအထောက်အကူပြုလျက် နိုင်ငံတော်၏ ပညာရေးမူဝါဒများနှင့် မဆန့်ကျင်ဘဲ ရိုးရာအစဉ်အလာမပျက် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းဖြစ်ပါကြောင်း။

 

မေ ၁၀ ရက်တွင် ကျင်းပခဲ့သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေး (၁၀/၂၀၂၁)၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများသည် မြန်မာ့ပညာရေးစနစ်အတွက် ခေတ်အဆက်ဆက် များစွာအထောက်အကူပြုခဲ့ကြောင်း၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ အဆင်ပြေစွာ ပညာသင်ကြားနိုင်ရေးအတွက် လိုအပ်သည်များကို ပံ့ပိုးဆောင်ရွက်သွားမည် ဖြစ်ကြောင်းကို ထည့်သွင်းပြောကြားခဲ့ပြီး ဘုန်းတော်ကြီးသင်ပညာရေးကျောင်း လုပ်ငန်းကို အထူးအားပေး ဆောင်ရွက်လျက်ရှိပါကြောင်း။

 

ယခုပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရအဖွဲ့လက်ထက်တွင် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်မှစ၍ မူလတန်းသင် ဆရာ ဆရာမတစ်ဦးအတွက် လစဉ်ထောက်ပံ့ငွေကျပ် ၃၈၀၀ဝ မှ ငွေကျပ် ၅၇၀၀ဝ သို့လည်းကောင်း၊ မူလတန်းလွန်နှင့် အလယ်တန်းသင် ဆရာ ဆရာမ တစ်ဦးအတွက် လစဉ်ထောက်ပံ့ ငွေကျပ် ၄၃၀၀ဝ မှ ငွေကျပ် ၆၄၅၀ဝ သို့လည်းကောင်း၊ အထက်တန်းသင် ဆရာ ဆရာမတစ်ဦးအတွက် လစဉ်ထောက်ပံ့ငွေကျပ် ၄၇၀၀ဝ မှ ငွေကျပ် ၇၀၅၀ဝ သို့လည်းကောင်း  ၅၀ ရာခိုင်နှုန်း ထပ်မံတိုးမြှင့် ထောက်ပံ့ပေးခဲ့ပါကြောင်း။

 

ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ဆရာ ဆရာမများကို အတန်းလိုက် စနစ်သစ်ပညာရေး မွမ်းမံသင်တန်း၊ ကလေးဗဟိုပြုသင်တန်း၊ စီမံအုပ်ချုပ်မှုသင်တန်းများ တက်ရောက်စေခြင်း၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများကို အခြေခံပညာကျောင်းများနည်းတူ ကျောင်းထောက်ပံ့ကြေးများပေးခြင်း၊ ကျောင်းသုံးစာအုပ်များ ထောက်ပံ့ပေးခြင်း၊ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ကျောင်းကျန်းမာရေး စီမံချက်လုပ်ငန်းများတွင် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများကို ပူးပေါင်းပါဝင်စေခြင်းဖြင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းလုပ်ငန်းကို အလေးအနက်ထား အားပေးဆောင်ရွက် လျက်ရှိပါကြောင်းဟု လျှောက်ထားသည်။

 

ဆက်လက်၍ သာသနာတော် ထွန်းကားပြန့်ပွားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုးမင်းထွန်းက ဘုန်းတော်ကြီးကျောင်း ပညာသင်ကြားမှု(ဗဟို) ကြီးကြပ်ရေးအဖွဲ့ (၂၇)ကြိမ်မြောက် အစည်းအဝေး ဆုံးဖြတ်ချက်များနှင့် စပ်လျဉ်း၍ ဆောင်ရွက်ပြီးစီးမှု ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် ကျောင်းဖွင့်လှစ် သင်ကြားနေသည့်ကျောင်း၏ ဆရာ ဆရာမ လစဉ်ထောက်ပံ့ငွေကို လစဉ်ပြည့်ပြည့်ဝဝ ထောက်ပံ့ပေးလျက်ရှိမှု၊  တိုင်းဒေသကြီး/ပြည်နယ် ဘုန်းတော်ကြီးကျောင်းပညာသင်ကြားမှု ဆရာ ဆရာမ ထောက်ပံ့ငွေများကို အသစ်ဖွဲ့စည်းထားသော တိုင်းဒေသကြီး/ ပြည်နယ် ဘုန်းတော်ကြီးကျောင်း ပညာသင်ကြားမှု ကြီးကြပ်ရေးအဖွဲ့များထံ ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှစ၍ လစဉ်ပေးပို့လှူဒါန်း ထောက်ပံ့ပေးနေမှုတို့နှင့် စပ်လျဉ်း၍  လျှောက်ထားသည်။

 

ယင်းနောက် ကြွရောက်လာကြသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ဘုန်းတော်‌ကြီးကျောင်း ပညာသင်ကြားမှုကြီးကြပ်ရေးအဖွဲ့ ဆရာတော်များက ညှိနှိုင်းဆွေးနွေးကြပြီး ဆွေးနွေးချက်များအပေါ် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးသည်။

 

ထို့နောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အဖွဲ့ဝင်၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ ဒွိပိဋကဓရ ဘဒ္ဒန္တနာဂိတ က နိဂုံးချုပ်ဩဝါဒမြွက်ကြားပြီး ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဆရာတော်များ၊ တိုင်းဒေသကြီး၊ ပြည်နယ်များမှ ဘုန်းတော်ကြီးကျောင်း ပညာသင်ကြားမှုကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးဆရာတော်တို့ကို လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။

 

သတင်းစဉ်