ရန်ကုန်   မတ်   ၇


ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ဒုတိယမြို့တော်ဝန် ဦးညီညီ၊ ကော်မတီဝင်များနှင့်အတူ ယနေ့ နံနက် ၇ နာရီတွင် လှိုင်မြို့နယ် (၁၅)ရပ်ကွက်၊ ဘုရင့်နောင်လမ်းနှင့် ပါရမီလမ်းထောင့်ရှိ သမိုင်းချောင်းသို့ စီးဝင်သည့် ရေမြောင်းအတွင်း အမှိုက်နှင့်နုန်းများ ဆယ်ယူရှင်းလင်းနေမှု၊ ဘုရင့်နောင်လမ်းတစ်လျှောက် သန့်ရှင်းသာယာ သပ်ရပ်စေရေး မြက်ပင်ချုံနွယ်များ၊ အုပ်မိုးကိုင်းများ ခုတ်ထွင်းရှင်းလင်းနေမှုနှင့် လှိုင်မြို့နယ်နှင့် မရမ်းကုန်းမြို့နယ်အကြား သမိုင်းချောင်းအတွင်း အမှိုက်များ၊ သဲမြေများ ဆယ်ယူရှင်းလင်းနေမှု၊ ချောင်းစပ် တစ်လျှောက် မြက်ပင်ချုံနွယ်များ ခုတ်ထွင်ရှင်းလင်းနေမှုတို့အား ကြည်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

 

ထို့နောက် မြို့တော်ဝန်နှင့်အဖွဲ့သည် အင်းစိန်မြို့နယ်နှင့် မရမ်းကုန်းမြို့နယ်ရှိ ရိုးကြီးချောင်းသို့ သွားရောက်၍ ချောင်းစပ်တစ်လျှောက် သန့်ရှင်းသာယာရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ရေစီးရေလာ ကောင်းမွန်စေရေး အမှိုက်များ ဆယ်ယူရှင်းလင်းနေမှုတို့ကို လည်းကောင်း၊ အင်းစိန်မြို့နယ် အနောက်ကြို့ကုန်းရပ်ကွက် ဘုရင့်နောင်လမ်းမကြီးတစ်လျှောက် သန့်ရှင်းသာယာသပ်ရပ်စေရေး သစ်ပင်များ၊ အုပ်မိုးကိုင်းများ ခုတ်ထွင်ရှင်းလင်းနေမှုကိုလည်းကောင်း၊ အင်းစိန်မြို့နယ် ကွက်သစ်ရပ်ကွက် ကသွယ်ချောင်းသို့ သွားရောက်၍ ချောင်းအတွင်း အမှိုက်၊ နုန်းနှင့် သဲမြေများအား ဆယ်ယူရှင်းလင်းနေမှုကို လည်းကောင်း၊ ဘုရင့်နောင်လမ်းမကြီးတစ်လျှောက် လမ်းလယ်တုံးများ၊ လမ်းများရေဆေးခြင်း၊ လမ်းတစ်လျှောက်အမှိုက်များ သိမ်းဆည်းခြင်း ဆောင်ရွက်နေမှုတို့ကိုလည်းကောင်း၊ ရွာမအလယ်ရပ်ကွက် အကျဉ်းဦးစီးဌာန အုတ်တံတိုင်းနှင့် ဘုရင့်နောင်လမ်းအကြား မြက်များရှင်းလင်းခြင်း၊ မြေညှိခြင်း၊ ရွာမချောင်းသို့စီးဝင်သည့် ရေမြောင်းတူးဖော်ခြင်း ဆောင်ရွက်နေမှုတို့အား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်