ဘုတလင် ၂ စက်တင်ဘာ
စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ် စက်မှုလယ်ယာဦးစီးဌာနနှင့် Tech Friend ကုမ္ပဏီတို့ ပူးပေါင်းပြီး မြောက်တောကျေးရွာအုပ်စု၊ ကွင်းအမှတ် ၂၂၂(က) မယ်ဟန်သီကွင်းတွင် စနစ်တကျ လယ်ယာ မြေဧက (၁၀၀) ဖော်ထုတ်ခြင်းလုပ်ငန်း ပြီးစီး၍ မိုးစပါးများ စိုက်ပျိုးနေပြီဖြစ်ကြောင်း မြို့နယ်စက်မှု လယ်ယာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမျိုးမင်းထွန်းက ပြောသည်။
“စနစ်တကျ လယ်ယာမြေဧက(၁၀၀)မှာ လယ်တစ်ဧကကွက်ကို အလျား(၃၆၃)ပေ၊ အနံပေ (၁၂၀)နှုန်း ဖြစ်ပြီး တစ်ဧကကုန်ကျစရိတ်မှာ ခုနှစ်သိန်းလေးသောင်းတစ်ထောင် ဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ ခွင့်ပြုရန်ပုံငွေ ၇၄ ဒသမ ၁ သန်းဖြင့် Tech Friend ကုမ္ပဏီက တာဝန်ယူဆောင်ရွက်ခဲ့ ပါတယ်။ လုပ်ငန်းအားလုံးပြီးစီးလို့ တောင်သူတွေ မိုးစပါးစိုက်ပျိုးနေကြပါပြီ”ဟု မြို့နယ် စက်မှုလယ်ယာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမျိုးမင်းထွန်းက ပြောသည်။
စနစ်တကျ လယ်ယာမြေဧက(၁၀၀)တွင် သုံးပေအကျယ်ရှိသည့် ရေသွင်း/ရေထုတ်မြောင်းများနှင့် (၁၆)ပေအကျယ် ရှိသည့် ကုန်ထုတ်လမ်းများ ပါရှိသည့်အတွက် လယ်ယာများသို့ ရေသွင်းရေထုတ်ရာတွင် အဆင်ပြေစေပြီး တောင်သူများ၏ စိုက်ပျိုး၊ ရိတ်သိမ်းစနစ်ကို ပိုမိုကောင်းမွန်စေသောကြောင့် ကုန်ထုတ် စွမ်းအားလည်း တိုးမြှင့်လာနိုင်ကြောင်း သိရသည်။
ဖိုးခါး(ပြန်/ဆက်)


