ဘုတလင် ၁၅ စက်တင်ဘာ
စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများမှ မသန်စွမ်းသူများအတွက် ထောက်ပံ့ငွေများကို စက်တင်ဘာလ ၁၅ ရက် နံနက် ၁၁ နာရီခွဲက မြို့နယ်စီမံခန့်ခွဲမှု ကော်မတီရုံး မဟာဗန္ဓုလအစည်းအဝေးခန်းမတွင် ပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဟံထွန်းက အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးကျော်မိုးလွင်က မသန်စွမ်းသူများအား ထောက်ပံ့ငွေများ သွားရောက်ပေးအပ်ရာတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး ညွှန်ကြားချက်များနှင့်အညီ စနစ်တကျ ပေးအပ်ရေးနှင့် မသန်စွမ်းသူများအတွက် ထောက်ပံ့ငွေများ ပေးအပ်မှုအခြေအနေများကို ရှင်းလင်းပြော ကြားခဲ့သည်။
ထို့နောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဟံထွန်း၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးကျော်မိုးလွင်နှင့် ဌာနဆိုင်ရာများက ကျေးရွာအုပ်စု ၅၆ အုပ်စုမှ မသန်စွမ်းသူ ၈၆၅ ဦးအတွက် တစ်ဦးလျှင် ကျပ်သုံးသောင်းနှုန်းဖြင့် ထောက်ပံ့ငွေကျပ် ၂၅၉ သိန်း၊ ၅ သောင်းကို ရပ်ကွက်နှင့် ကျေးရွာအုပ်စုအုပ်ချုပ် ရေးမှူးများထံသို့ ပေးအပ်ခဲ့ကြသည်။
အဆိုပါထောက်ပံ့ငွေများကို ရပ်ကွက်နှင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများက မသန်စွမ်းသူများ လက်ဝယ်အရောက် ဆက်လက်ထောက်ပံ့ပေးအပ်ခဲ့ပြီး ယခင်ထောက်ပံ့မှုတွင် စာရင်းမပါဝင်ခဲ့သည့် မသန်စွမ်းသူများကို ထပ်တိုးထောက်ပံ့ပေးခြင်း ဖြစ်ကြောင်း သိရသည်။
ဖိုးခါး(ပြန်/ဆက်)


