ဘုတလင် ၂၇ ဩဂုတ်
စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်တွင် သစ္စာစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ ဩဂုတ်လအထိ နိုင်ငံသားစိစစ်ရေးကတ်ပြား ၅၅၀၀ ကျော် ဆောင်ရွက်ပေးပြီး ဖြစ်ကြောင်း မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူး ဦးတင်လှကြည် ထံမှ သိရသည်။
"အသက်(၁၀)နှစ်နဲ့ (၁၈)နှစ်ပြည့် လဲလှယ်တာတွေ၊ ပျောက်ပျက်လို့ မိတ္တူ လျှောက်တာတွေ၊ နိုင်ငံသားစိစစ်ရေးကတ် မရှိသေးတဲ့သူတွေအတွက် အသစ်ပြုလုပ်တာတွေအားလုံးပေါင်း ဩဂုတ်လအထိ ၅၅၂၉ ကတ် ဆောင်ရွက်ပေးပြီး ဖြစ်ပါတယ်။ အိမ်ထောင်စုဇယား ပျောက်ဆုံး၊ ပျက်စီးလို့ လျှောက်ထား တာက အိမ်ထောင်စုဇယား မိတ္တူ ၁၈၂၉ စုနဲ့ အိမ်ထောင်ခွဲများအတွက် အိမ်ထောင်စုဇယား ၃၈၅ စု ပြုလုပ်ပေးခဲ့ပြီး ဖြစ်ပါတယ်"ဟု မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူး ဦးတင်လှကြည် က ပြောသည်။
အလားတူ ယခုဘဏ္ဍာရေးနှစ်တွင် နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသူများအတွက် နိုင်ငံသားစိစစ် ရေးကတ်ပြား အသစ် ပြလုပ်ပေးရန် ၃၄၆၇ ဦး လျာထားခဲ့ရာ ဩဂုတ်လအထိ ၃၀၆၈ ဦး ပြုလုပ်ပေးနိုင် သဖြင့် လျာထားချက်၏ ၈၈ ရာခိုင်နှုန်း ဆောင်ရွက်ပေးနိုင်ခဲ့ပြီး အခြေခံပညာကျောင်း ၂၆ ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ ၂၂၇၅ ဦးကိုလည်း အသက်(၁၀) နှစ်ပြည့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပြုလုပ်ပေးခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
ဖိုးခါး(ပြန်/ဆက်)


