ဘုတလင် ၆ ဇူလိုင်

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ် တောင်သူလယ်သမားအစုအဖွဲ့က ဦးဆောင်ပြီး ကွမ်းခြံ ကျေးရွာ၊ တောင်သူ ဦးကျော်စိုး၏ သရက်ခြံတွင် ဇူလိုင်လ(၅)ရက် မွန်းလွဲပိုင်းက သရက်မျိုးကောင်းကိုင်းကူးနည်းနှင့် သရက်ကိုင်းရှင်းနည်းတို့ကို လက်တွေ့သရုပ်ပြသခဲ့ကြောင်း သိရသည်။

 

ထိုသို့လက်တွေ့သရုပ်ပြရာတွင် မြို့နယ်တောင်သူလယ်သမားအစုအဖွဲ့ခေါင်းဆောင် ဦးမြင့်နိုင်နှင့် အဖွဲ့ဝင် ဦးသက်မောင်ထွန်းတို့က သရက်အသီးကိုင်းများ ပိုမိုရရှိလာစေရန်အတွက် ခေါင်ကိုင်းများ၊ နားနေကိုင်းများနှင့် ကိုင်းသေကိုင်းခြောက်များကို ကိုင်းရှင်းကိရိယာများဖြင့် လက်တွေ့ရှင်းလင်းပြသပြီး သရက်မျိုးကောင်းကို သပ်ထိုးကိုင်းကူးနည်း၊ အဖူးမြုပ်ကိုင်းကူးနည်းနှင့် အပင်ခေါင်နှိမ်၍ အညွန့်မွေးကိုင်းကူးနည်းများကို လက်တွေ့ပြသခဲ့ကြသည်။

 

သရက်ခြံတစ်ခြံအနေနဲ့ ကိုင်းရှင်းတာဟာ အရေးကြီးပါတယ်။ ကိုင်းမရှင်းဘူးဆိုရင် သီးတဲ့ကိုင်းက သီး၊ မသီးတဲ့ကိုင်းက မသီးဖြစ်ပါတယ်။ ကိုင်းရှင်းရင် ခေါင်ကိုင်းတွေ၊ နားနေကိုင်းတွေ၊ ကိုင်းသေကိုင်း ခြောက်တွေကို ရှင်းပေးရပါတယ်။ အဲလိုကိုင်းရှင်းပေးရင် လေဝင်လေထွက် ကောင်းလာပြီး အသီးကိုင်းတွေ ပိုမိုရရှိလာတဲ့အတွက် အသီးလည်း ပိုများလာပါတယ်။ သရက်အောက်ခံပင်ပေါ်မှာ ကိုယ်လိုချင်တဲ့ သရက် မျိုးကောင်းကိုင်းကူးနည်း(၃)မျိုးကိုလည်း လက်တွေ့ပြသခဲ့ပါတယ်ဟု မြို့နယ်တောင်သူလယ်သမားအစု အဖွဲ့ခေါင်းဆောင် ဦးမြင့်နိုင်က ပြောသည်။

 

သရက်ပင်များကို ဇွန်လနှင့် ဇူလိုင်လများတွင် ကိုင်းရှင်းရပြီး ရေသွင်းခြင်း၊ မြေဩဇာကျွေးခြင်း၊ ဆေးဖျန်းခြင်း၊ ပိုးသတ်ဆေး အသုံးပြုခြင်း၊ အစာကျွေးခြင်းနှင့် အသီးခူးခြင်းတို့ကို ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ တစ်နှစ်ပတ်လုံး လအလိုက် ပြုစုပျိုးထောင်စိုက်ပျိုးရကြောင်း သိရသည်။

 

ဖိုးခါး(ပြန်/ဆက်)

 

mdn