ကရသူရိ ၆ ဇူလိုင်
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့တွင် လူဦးရေစာရင်းကောက်ယူရေး လုပ်ငန်းအဖွဲ့များနှင့် လူဦးရေစာရင်း ကောက်ယူရေး ပညာပေးဆင့်ပွားသင်တန်းကို ယနေ့ နံနက် ၁၀ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ တော်ဝင်ခန်းမ၌ ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်လူဦးရေစာရင်း ကောက်ယူရေးလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်မျိုးအောင်မှ အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ် လူဦးရေစာရင်း ကောက်ယူရေးလုပ်ငန်းအဖွဲ့ အတွင်းရေးမှူး ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမင်းအောင်မှသင် တန်းဖွင့်လှစ်ပို့ချရခြင်း၏ ရည်ရွယ်ချက်များ၊ လုပ်ငန်းဆိုင်ရာ သဘောသဘာဝများကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဦးစီးအရာရှိ ဒေါ်ဇင်မာထွေးမှ ဆွေးနွေးတင်ပြခြင်း၊ မြို့နယ် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးအရာရှိ ဦးကျော်ကျော်လွင်မှ စာရင်းကောက်ယူရာတွင် အသုံးပြုရမည့်ပုံစံများ၊ ကောက်ယူရမည့် အချက်အလက်များ၊ အိမ်ထောင်စု စာရင်းများ မှန်ကန်ရေး စသည့်တို့ကို ရှင်းလင်းပို့ချခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းဖွင့်လှစ်ရခြင်းမှာ ၂၀၂၀ ပြည့်နှစ် ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲတွင် အသက်(၁၈)နှစ်ပြည့်ပြီးသူတိုင်း ဆန္ဒမဲစာရင်းတွင်ပါရှိရေး၊ ဆန္ဒမဲပေးနိုင်ရေး၊ အိမ်ထောင်စုစာရင်း ကောက်ယူရာတွင် စာရင်းမှန်များရရှိရေးအတွက် ဆင့်ပွားသင်တန်း ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ ၎င်းသင်တန်းသို့ ဘုတ်ပြင်းမြို့နယ် အုပ်ချုပ်ရေးမှူး၊ ဒုတိယမြို့ နယ်အုပ်ချုပ်ရေးမှူး၊ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဦးစီးအရာရှိ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ဆရာ/ဆရာမများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
စိုးဝင်း(ပြန်/ဆက်)


