ကျောက်ပန်းတောင်း ဧပြီ ၁၀

ကိုဗစ်-၁၉ ကူးစက်ရောဂါကာလ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများ ဆွမ်း/ ကွမ်းအထောက်အကူ ဖြစ်စေရန်အတွက်၊ ဗီယက်နမ်-ဗုဒ္ဓဘာသာအသင်း၊ ဗီယက်နမ် Helen Group အဖွဲ့မှ မန္တလေး တိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် အတွင်းရှိဘုန်းတော်ကြီး ကျောင်းများနှင့် သီလရှင် ကျောင်းများသို့ ဆွမ်းဆန်တော်နှင့်စားသောက်ကုန်များ ဆက်ကပ်လှူဒါန်းပွဲ ကို ဧပြီ ၉ ရက် မွန်းလွဲ ၃ နာရီက ဘူတာရပ်ကွက်ရှိ ရွှေမြင်တင်ဥယျာဉ်ကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားတွင် အလှူခံကြွရောက်တော်မူလာကြသည့် ဆရာတော်ကြီးများအား ရွှေမြင်တင်ဥယျာဉ်ကျောင်းဆရာတော် ဘဒ္ဒန္တလက္ခဏဓဇ ကဗီယက်နမ်-ဗုဒ္ဓဘာသာအသင်း(ဗီယက်နမ် Helen Group) ၏လှူဒါန်း မှုများနှင့်ပတ်သက်၍ ရှင်းလင်းလျှောက်ထား ပြီး ဆန်၊ ဆီ၊ ပဲ၊ နို့ဆီ၊ ကော်ဖီမစ် အစရှိသည့်ပစ္စည်းများကို လှူဒါန်းခြင်းဖြစ်ကြောင်း သိရသည်။ လှူဒါန်း ရသည့်ရည်ရွယ်ချက်များနှင့် ပတ်သက်၍ “ဒါကဗီယက်နမ် Helen Group (ဗီယက်နမ်-ဗုဒ္ဓဘာသာ အသင်း)က ကျွန်တော်တို့ ကျောက်ပန်းတောင်းမြို့နယ်မှာရှိတဲ့ ဘုန်းတော်ကြီးကျောင်း ၂၃၃ ကျောင်းနှင့် သီလရှင်ကျောင်းပေါင်း ၁၀ ကျောင်းတို့ကို ကိုဗစ်ကာလဆွမ်း/ကွမ်းအခက်အခဲကို အထောက်အပံ့ဖြစ်စေ ဖို့ရည်ရွယ်ပြီး လှူဒါန်းခြင်းဖြစ်ပါတယ်ခင်ဗျာ… လှူဒါန်းဖို့လုပ်ထားတာကတော့ ကိုဗစ်ကာလ တကယ် အခက်အခဲဖြစ်နေတဲ့အချိန်တုံးက လှူဒါန်းဖို့ပါဘဲ… ဒါပေမဲ့လူစုလူဝေးလုပ်လို့မဖြစ်တာရယ်… ဆရာတော်ကြီးတွေလည်း ကြွရောက်အလှူခံဖို့ခက်ခဲတာရယ်ကြောင့် အခုမှလုပ်ဖြစ်တာ ပါ…ကျွန်တော်ကတော့ အသင်းကိုယ်စားလှယ်အနေနဲ့ ကမကထပြုလှူဒါန်းပေးတာပါ”…ဟု ကျောက်ပန်းတောင်းမြို့နယ်အတွင်း လှူဒါန်းရေးအတွက်အကျိုးတော်ဆောင်ဖြစ်သူ ဦးဇော်ထွန်းကပြော ပါသည်။ ကျောက်ပန်းတောင်းမြို့နယ်အတွင်း ယခုလှူဒါန်းမှုသည် တတိယအကြိမ်ဖြစ်ကြောင်းနှင့် အဆိုပါအဖွဲ့အနေဖြင့် ညောင်ဦးမြို့နယ်တွင် ဘုန်းတော်ကြီးကျောင်း ၁၈၁ ကျောင်း၊ ချောက်မြို့နယ်တွင် ဘုန်းတော်ကြီးကျောင်း ၇၂ ကျောင်း နှင့်သီလရှင်ကျောင်း ၁၆ ကျောင်း စုစုပေါင်း ၈၈ ကျောင်း လှူဒါန်ခဲ့ပြီးဖြစ်ရာ မြို့နယ်သုံးမြို့နယ် အတွင်းမှ ဘုန်းတော်ကြီး ၄၈၆ ကျောင်း၊ သီလရှင်ကျောင်း ၂၆ ကျောင်း စုစုပေါင်း ၅၁၂ ကျောင်းအတွက် ထောက်ပံ့လှူဒါန်း ခဲ့ပြီးဖြစ်ကြောင်း ရွှေမြင်တင်ဥယျာဉ် ကျောင်းဆရာတော် (မြို့နယ်သံဃ နာယကအဖွဲ့ တွဲဖက်အတွင်းရေးမှူး) ဘဒ္ဒန္တ လက္ခဏဓဇက မိန့်ကြားပါသည်။

အဆိုပါ လှူဒါန်းပွဲအခမ်းအနားသို့ ကျောက်ပန်းတောင်းမြို့နယ်ခွဲ၊ ပုပ္ပားမြို့နယ်ခွဲ၊ လက်ပံပျား မြို့နယ်ခွဲနှင့် ပွေးကျစ်မြို့နယ်ခွွဲများမှ ဆရာတော်ကြီးများနှင့် သီလရှင်ကျောင်းများမှ ဆရာကြီးများ ကြွရောက်အလှူခံခဲ့ကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)