ရန်ကုန် ၃၁ ဇန်နဝါရီ
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၏ ကြီးကြပ်မှု၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၏ ပံ့ပိုးကူညီမှုဖြင့် Myanmar Voyages International Tourism Co.,Ltd. ၏ အစီစဉ်ဖြင့် ဗြိတိန်နိုင်ငံအခြေစိုက် Fred. Olsen Cruise Line မှ ကမ္ဘာလှည့်ခရီးသည်တင် အပျော်စီးသင်္ဘောကြီး MV BOUDICCA သည် ထိုင်းနိုင်ငံ ဖူးခတ်ဆိပ်ကမ်းမှတစ်ဆင့် ယနေ့ နံနက် ၆ နာရီခွဲတွင် Walmar Myanmar သီလဝါဆိပ်ကမ်းသို့ ဆိုက်ရောက်ခဲ့ရာ ယဉ်ကျေးမှုအကများဖြင့် ကြိုဆိုခဲ့ကြသည်။

အဆိုပါ သင်္ဘောကြီးနှင့်အတူ ကမ္ဘာလှည့်ခရီးသည် (၅၃၀)ဦးနှင့် သင်္ဘောဝန်ထမ်း (၃၆၃)ဦးခန့် လိုက်ပါလာခဲ့ကြပြီး ဆိပ်ကမ်းကျန်းမာရေးတာဝန်ခံ ဆရာဝန်ကြီးနှင့် အဖွဲ့မှလည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါ ကင်းရှင်းရေး စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပျော်စီးသင်္ဘော ကမ္ဘာလှည့်ခရီးသည်များသည် ရန်ကုန်၊ ပဲခူး၊ ဒလ၊ သန်လျင် ကျောက်တန်းနှင့် ပုဂံသို့ သွားရောက်လည်ပတ်ရန်ရှိပြီး ခရီးသည်များအားလုံးသည် ဖေဖော်ဝါရီ ၁ ရက် ညနေ ၆ နာရီတွင် Walmar Myanmar သီလဝါဆိပ်ကမ်းမှ သိရီလင်္ကာနိုင်ငံ၊ ကိုလမ်ဘိုဆိပ်ကမ်းသို့ ဆက်လက်ထွက်ခွာ မည်ဟုသိရပါသည်။

သတင်းစဉ်