ရန်ကုန်၊ နို၀င်ဘာ ၂၆
တန်ဆောင်မုန်းလပြည့် အခါသမယ နေ့ထူးနေ့မြတ်တွင် သမိုင်းဝင်တန်ခိုးကြီး စေတီတော်တို့ရှိ ဗုဒ္ဓရုပ်ပွားတော်များအား မသိုးရွှေကြာသင်္ကန်းတော်များ ကပ်လှူပူဇော်နိုင်ရန် ရန်ကုန်မြို့ရှိ ဗိုလ်တထောင် ကျိုက်ဒေးအပ်ဆံတော်ဦး စေတီတော်၊ သီရိမင်္ဂလာ ကမ္ဘာအေးစေတီတော်နှင့် သမိုင်း၀င်ဆုတောင်းပြည့် ကျိုက္ကစံဆံတော်ရှင် စေတီတော်တို့၌ ယနေ့ညပိုင်းမှ စတင်၍ မသိုးရွှေကြာသင်္ကန်းတော်များ ယှဥ်ပြိုင်ရက်လုပ် ကြသည်။
သီရိမင်္ဂလာကမ္ဘာအေးစေတီတော် ဂေါပကအဖွဲ့က ကြီးမှူးကျင်းပသည့် တန်ဆောင်တိုင် မီးထွန်းပွဲတော်နှင့် (၂၃) ကြိမ်မြောက် မသိုးသင်္ကန်း ရက်လုပ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ညနေပိုင်းတွင် အဆိုပါစေတီတော်ရင်ပြင်၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့၀န်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်၍ အခမ်းအနားကို ရတနာရွှေကြိုးဖြတ်ကာ ဖွင့်လှစ်ပေးကြသည်။
ထို့နောက် တိုင်းဒေသကြီး၀န်ကြီးချုပ်သည် ယှဥ်ပြိုင်ရက်လုပ်ကြမည့် ရက်ကန်းစင် တော်များအတွက် အလှူငွေများ ပေးအပ်လှူဒါန်းပြီး မသိုးသင်္ကန်း ယှဥ်ပြိုင်ရက်လုပ်နေမှုကို လှည့်လည်ကြည့်ရှုကြသည်။
အဆိုပါ မသိုးသင်္ကန်းရက်ပြိုင်ပွဲတွင် ရက်ကန်းစင်တော် ၇ စင် ဝင်ရောက် ယှဥ်ပြိုင်လျက်ရှိပြီး ပထမဆုငွေကျပ် ၇ သိန်း၊ ဒုတိယဆု ငွေကျပ် ၆ သိန်း၊ တတိယဆု ငွေကျပ် ၅ သိန်း၊ နှစ်သိမ့်ဆု ငွေကျပ် ၄ သိန်းတို့အပြင် ဆုဖလားနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့် သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့အတူ ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦး စေတီတော်၏ (၃၉) ကြိမ်မြောက် မသိုးသင်္ကန်း ရက်လုပ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ညနေပိုင်းတွင် အဆိုပါစေတီတော်၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်၍ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။
ထို့နောက် တိုင်းဒေသကြီး ၀န်ကြီးချုပ်သည် ယှဥ်ပြိုင်ရက်လုပ်ကြမည့် ရက်ကန်း စင်တော်များအတွက် အလှူငွေများ ပေးအပ်လှူဒါန်းပြီး မသိုးရွှေကြာသင်္ကန်း ယှဥ်ပြိုင်ရက်လုပ်နေမှုများကို ကြည့်ရူအားပေးသည်။
အဆိုပါ ပြိုင်ပွဲတွင် ရက်ကန်းစင်တော် ၂၄ စင် ဝင်ရောက်ယှဥ်ပြိုင်လျက်ရှိပြီး ပထမ ဆုငွေကျပ် ၁၅ သိန်း၊ ဒုတိယဆုငွေကျပ် ၁၀ သိန်း၊ တတိယဆုငွေကျပ် ၈ သိန်းနှင့် နှစ်သိမ့်ဆု တစ်ဆုလျှင် ငွေကျပ် ၄ သိန်း ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
အလားတူ သမိုင်း၀င် ဆုတောင်းပြည့်ကျိုက္ကစံ ဆံတော်ရှင်စေတီတော်၏ တန်ဆောင်တိုင် မီးထွန်းပွဲတော်နှင့် (၄၂) ကြိမ်မြောက် မသိုးရွှေကြာသင်္ကန်း ရက်လုပ်ပူဇော်ပွဲ ဖွင့်ပွဲ အခမ်းအနားကို ယနေ့ညနေပိုင်းတွင် အဆိုပါစေတီတော် ရင်ပြင်တော်၌ ကျင်းပရာ သင်္ဃန်းကျွန်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ တက်ရောက် ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး မသိုးရွှေကြာသင်္ကန်း ယှဥ်ပြိုင်ရက်လုပ်နေမှုများကို ကြည့်ရူအားပေးကြသည်။
အဆိုပါ ပြိုင်ပွဲတွင် ရက်ကန်းစင်တော် ၅ စင် ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိပြီး ပထမ ဆုငွေကျပ် ၁၀ သိန်း၊ ဒုတိယဆုငွေကျပ် ၉ သိန်း၊ တတိယဆုငွေကျပ် ၈ သိန်း၊ စတုတ္တဆုငွေကျပ် ၇ သိန်းနှင့် ပဥ္စမဆုငွေကျပ် ၆ သိန်း ပေးအပ်ချီးမြှင့်သွားမည်ဖြစ်သည်။
အဆိုပါ စေတီတော်များ၌ ပြိုင်ပွဲ၀င်များ ရက်လုပ်သည့် မသိုးရွှေကြာသင်္ကန်းတော်များကို တန်ဆောင်မုန်းလပြည့်နေ့ နံနက်အရုဏ်ဦးတွင် စေတီတော်နှင့် စေတီတော်ပရိ၀ဏ်ရှိ ဗုဒ္ဓရုပ်ပွားတော်များကို ဆက်ကပ်လှူဒါန်း သွားကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်း-ကိုကိုဇော်-MNA
ဓာတ်ပုံ- ရဲထွဋ်