ရန်ကုန် ၂၅ မေ 

 

ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော် ရွှေစင်ရွှေသားမျက် ပါးရွှေသင်္ကန်းများ ကပ်လှူပူဇော်ခြင်း၊ စေတီတော် ပတ်ပတ်လည်တွင်ရှိသော ပြကွက်ပြခန်းများကို ပြန်လည်မွမ်းမံခြင်းတို့အတွက် ရေစက်သွန်းချမင်္ဂလာကို ယနေ့နံနက် ၈ နာရီက အဆိုပါစေတီတော် နန်းဦးဘုရားကြီးတန်းဆောင်၌ ကျင်းပသည်။

 

အခမ်းအနားတွင် ပင့်သံဃာတော်(၁၀၈)ပါးတို့က ဗုဒ္ဓါဘိသေကအနေကဇာတင်ကြပြီး နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ အဘိဓဇအဂ္ဂမဟာသဒ္ဒမ္မဇောတိက ဘဒ္ဒန္တစိတြညာဏ(ကံမ) ဆရာတော်ဘုရားကြီးထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြသည်။

 

ဆက်လက်၍ဆရာတော်အရှင်သူမြတ်များက အန္တရယ်ကင်းပရိတ်တရားတော်များ ရွတ်ပွားချီးမြှင့်ပေးကြပြီး ရန်ကုန်တိုင်းအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်း ဘက်စုံမွမ်းမံ ဆောင်ရွက်ခြင်းနှင့် ပတ်သက်၍ တင်ပြလျှောက်ထားသည်။

 

ယင်းနောက် ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦး စေတီမြတ်ကြီးဂေါပကအဖွဲ့၏ သြဝါဒစရိယ စစ်ကိုင်းစာသင်တိုက်ကြီး၏ ဦးစီးပဓာနနာယက အဘိဓဇ မဟာရဌဂုရု နိုင်ငံတော်သြဝါဒစရိယဘဒ္ဒန္တဓမ္မာနဒ္ဒထံမှ သြဝါဒကထာနာယူပြီး ဆရာတော်သံဃာတော် အရှင်သူမြတ်များအား လှူဖွယ်ပစ္စည်းများ ဆပ်ကပ်လှူဒါန်းကြသည်။

 

ထို့နောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ သံလျင်မင်းကင်းကျောင်းတိုက်ဦးစီးပဓါနနာယက ဘန္ဒန္တစန္ဒိမာဘိဝံသထံမှ အနုမောဒနာတရား နာယူ၍ ရေစက်သွန်းချ အမျှ ပေးဝေကြသည်။ 

 

ဆရာတော်သံဃာတော်တို့အား အလှူရှင်များက ဆွမ်းဆန်စိမ်းများ လောင်းလှူခဲ့ကြကြောင်း သိရှိရသည်။

 

အောင်မြင့်  ပြန်/ဆက်