ဗန်းမော်၊ ၂ ဒီဇင်ဘာ
ကချင်ပြည်နယ် ဗန်းမော်မြို့တွင် ဗန်းမော်ခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးဆောင်ပြီး လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုရပ်တန့်ရေး (၁၆)ရက်တာ လှုပ်ရှားမှုအထမ်းအမှတ် အခမ်းအနားကို ဒီဇင်ဘာ ၂ ရက် နံနက် ၁၀ နာရီက ခရိုင်လူမှုဝန်ထမ်းရုံး အစည်းအဝေးခန်းမ၌ ကျင်းပကြောင်း သိရသည်။
ရှေးဦးစွာ ဗန်းမော်ခရိုင်အမျိုးသမီးကော်မတီဥက္ကဋ္ဌ ဦးထွေးမြင့်(ခရိုင်အုပ်ချုပ်ရေးမှူး)က ယခုနှစ် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုရပ်တန့်ရေး (၁၆)ရက်တာ လှုပ်ရှားမှုဆောင်ပုဒ်မှာ “အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ကာကွယ်တုံ့ပြန်ဖို့၊ သီးသန့်ရန်ပုံငွေထားရှိလို့ အချက်အလက်ကောက်ယူစို့” ဖြစ်ပါကြောင်း၊ လက်ရှိကာလတွင် COVID-19 ကပ်ရောဂါကြောင့် ပြည်သူများအနေဖြင့် စားဝတ်နေရေး အပါအဝင် အခြားသော အခက်အခဲများကြောင့် စိတ်ဖိစီးမှုများ ခံစားနေကြရပြီး အိမ်တွင်းအကြမ်းဖက်မှုများ ဖြစ်ပေါ်လာနိုင်သည့်အတွက် သက်ဆိုင်ရာကဏ္ဍအသီးသီးမှ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေး လုပ်ငန်းများအတွက် ရန်ပုံငွေများ ပိုမိုထောက်ပံ့ပေးရန်၊ ကျား/မ အခြေပြု အကြမ်းဖက်မှုခံရသူများအတွက် မရှိမဖြစ်လိုအပ်သော ဝန်ဆောင်မှုများရရှိနိုင်ရန်၊ တားဆီးကာကွယ်ရန်နှင့် ဝန်ဆောင်မှုများ ပိုမိုကောင်းမွန်စေရန် အထောက်အထားများ၊ အချက်အလက် အမှန်များရရှိရေး လိုအပ်ချက်များ ဖော်ထုတ်နိုင်ရေး ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း အမှာစကားပြောကြား သည်။
ဆက်လက်၍ ခရိုင်အမျိုးသမီးကော်မတီအတွင်းရေးမှူး ဒေါ်ဆွေဆွေဝင်းက အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့ (ဖဲကြိုးဖြူလှုပ်ရှားမှုနှင့် ပတ်သက်ပြီး အသိပေးလှုံ့ဆော်ခြင်း)၊ ဗန်းမော်ခရိုင်အတွင်း သက်ငယ်မုဒိမ်း၊ GBV အမှုကိစ္စများနှင့် ပတ်သက်၍ ဆောင်ရွက်မှုများကို ရှင်းလင်း ပြောကြားခဲ့ပြီး အမျိုးသမီးများအရေး ဆောင်ရွက်နေသော စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများက လုပ်ငန်းဆောင်ရွက်ချက်များကို ဆွေးနွေးတင်ပြကြသည်။ ယင်းနောက် GEN အဖွဲ့က ပေးပို့သော (၁၆)ရက်တာ လှုပ်ရှားမှု Vedio Clip ပြသခဲ့သည်။
အဆိုပါအခမ်းအနားသို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လမ်းညွှန်ချက်များ၊ စည်းကမ်းများနှင့်အညီ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များက တက်ရောက်ခဲ့ကြောင်း သိရသည်။
(ခရိုင် ပြန်/ဆက်)


