ဗန်းမော် ၅ ဇွန်
ကချင်ပြည်နယ် ဗန်းမော်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော ၂ဝ၁၉ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့(World Environment Day) အထိမ်းအမှတ် အခမ်းအနားကို ဇွန် ၅ ရက် နံနက် ၉ နာရီက ဗန်းမော်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း အောင်တံခွန်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ဗန်းမော်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွေးမြင့်က အမှာစကား ပြောကြားရာတွင် ပလတ်စတစ်ညစ်ညမ်းမှုအန္တရာယ် လျော့ချရေးအတွက် မြို့ပြများတွင် မိမိအိမ်အတွင်းမှ ပလတ်စတစ် အမှိုက်များကို စနစ်တကျစုစည်း၍ စည်ပင်အမှိုက်သိမ်းကားများ လာရောက်ချိန် ဒါမှမဟုတ် သတ်မှတ်ထားသည့် အမှိုက်ပုံးများ မှာသာ စွန့်ပစ်ရန်လိုအပ်ပါကြောင်း၊ ဒါ့အပြင် လမ်းသွားရင်း စည်းကမ်းမဲ့စွာ အမှိုက်စွန့်ပစ်ခြင်းကို ဆင်ခြင်ဖို့ လိုအပ်ပါကြောင်း ပြောကြားသည်။ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်နှင့် UNEP (United Nations Environment Programme) တို့မှ ပေးပို့သည့် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ (World Environment Day) အထိမ်းအမှတ်သဝဏ်လွှာကို ဗန်းမော်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးညီညီဇော်က သဝဏ်လွှာဖတ်ကြားသည်။ ယင်းနောက် ဗန်းမော်မြို့ပေါ်ရှိ အခြေခံပညာအထက်တန်း နှင့်အလယ်တန်းအဆင့်ကျင်းပပြုလုပ်သော "သန့်စင်သောလေရှုရှိုက်ဖို့ လေထုညစ်ညမ်းမှုကို တိုက်ဖျက်စို့" စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသားကျောင်းသူများအား တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ပေးအပ်ပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ပညာပေးဗီဒီယိုပြသပေးခဲ့ရာ အခမ်းအနားတက်ရောက်လာကြသော ဌာဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကျောင်းသားကျောင်းသူများတို့က စိတ်ဝင်စားစွာ ကြည့်ရှုကြသည်။
အခမ်းအနားအပြီးတွင် ဗန်းမော်ခရိုင်အတွင်းဌာနဆိုင်ရာ အသီးသီးမှ သတင်းစာ စက္ကူအိတ်များပြုလုပ်ပြီး ဗန်းမော်မြို့ရှိ အမှတ်(၁)သီရိရတနာဈေးနှင့် အမှတ်(၂)ဈေးတို့တွင် ရောင်းချလျက်ရှိသော ကုန်စုံဆိုင်၊ စတိုးဆိုင်နှင့်ဈေးဆိုင်များအား ပလစ်စတစ်သုံးစွဲမှု လျော့ချရေး အတွက် ဗန်းမော်ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးညီညီဇော်နှင့် ဝန်ထမ်းများ၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးအောင်ကျော်ထွန်းနှင့်ဝန်ထမ်းများ၊ ဗန်းမော်မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများ၊ ဗန်းမော်မြို့ စနေ(ကွက်လပ်ဖြည့်) ပရဟိတအဖွဲ့တို့ပူးပေါင်း၍ သတင်းစာစက္ကူအိတ် အလုံး(၁၂ဝဝဝ)၊ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
သျှမ်းကလေး(ဗန်းမော်)