ဗန်းမော် ၁၄ ဩဂုတ်  

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်တွင် ၆၆/၃၃ ကေဗွီ(၁ဝ)အမ်ဗွီအေ ဓာတ်အားခွဲရုံနှင့် ၆၆/၁၁ ကေဗွီ(၁ဝ)အမ်ဗွီအေ စင်းခန်းဓာတ်အားခွဲရုံ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁ဝ နာရီက ဗန်းမော်မြို့နယ် စင်းခန်းကျေးရွာ၌ ဖွင့်ပွဲကျင်းပခဲ့ရာ ဗန်းမော်၊ မန်စီနှင့် ရွှေကူမြို့နယ်တို့မှ ကျေးရွာစုစုပေါင်း (၅၁)ရွာ၏ ကျေးရွာနေပြည်သူများအတွက် လျှပ်စစ်မီးရရှိကြောင်း သိရသည်။

 

ရှေးဦးစွာ ကချင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးထွန်းတင်၊ ကချင်ပြည်နယ်အစိုးရအဖွဲ့မှ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီးဌာနဝန်ကြီး ဦးဝင်းညွန့်၊ ဘဏ္ဍာအခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီးဌာနဝန်ကြီး ဦးဝေလင်းနှင့် စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဝန်ကြီး ဦးကျော်ကျော်ဝင်းတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။

 

ဆက်လက်၍ ဖွင့်ပွဲအခမ်းအနားကျင်းပရာ ကချင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးထွန်းတင်က အဖွင့်အမှာစကား ပြောကြားပြီး ပြည်နယ်လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီးဌာန ဝန်ကြီး ဦးဝင်းညွန့်က ဓာတ်အားခွဲရုံတည်ဆောက်မှုနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ဒေသခံပြည်သူတစ်ဦးက ကျေးဇူးတင်စကားပြောကြားခဲ့သည်။ ထို့နောက် ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ဝန်ကြီးများတို့က ဓာတ်အားခွဲရုံအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ဓာတ်အားခွဲရုံရှိ မီးခလုတ်နှိပ်၍ ဓာတ်အားစတင်ပို့လွှတ်ခြင်း ဆောင်ရွက်ခဲ့သည်။  

 

အဆိုပါ ၆၆/၃၃ ကေဗွီ(၁ဝ)အမ်ဗွီအေ ဓာတ်အားခွဲရုံကို AGE ကုမ္ပဏီက တာဝန်ယူတည်ဆောက်ပြီး ၆၆/၁၁ ကေဗွီ(၁ဝ)အမ်ဗွီအေ ဓာတ်အားခွဲရုံကို APQ ကုမ္ပဏီက တာဝန်ယူတည်ဆောက်ခဲ့ကြကာ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်ဖြင့် စင်းခန်းကျေးရွာနှင့်အနီး ပတ်ဝန်းကျင်ကျေးရွာများ လျှပ်စစ်ဓာတ်အား ရရှိရေးအတွက် ၆၆ ကေဗွီ ဓာတ်အားလိုင်း(၀ ဒသမ ၆)မိုင်ကို ပြည်နယ်ဘဏ္ဍာရန်ပုံငွေကျပ် (၅၃)သန်းနှင့် ၆၆/၃၃ ကေဗွီ(၁ဝ)အမ်ဗွီအေ ဓာတ်အားခွဲရုံ (၁)ရုံကို ပြည်နယ်ဘဏ္ဍာရန်ပုံငွေကျပ် (၁၀၇၀)သန်းဖြင့် လည်းကောင်း၊ ၆၆/၁၁ ကေဗွီ(၁ဝ) အမ်ဗွီအေ ဓာတ်အားခွဲရုံကို ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေကျပ် (၇၄၈ ဒသမ ၆၇၇)သန်း အကုန်ကျခံ တိုးချဲ့တည်ဆောက်ပေးနိုင်ခဲ့ကြောင်း သိရသည်။

 

ယခုအခါ စင်းခန်းကျေးရွာအပါအဝင် ဗန်းမော်မြို့နယ်အတွင်း၌ ကျေးရွာ(၂၁)ရွာ၊ ရွှေကူမြို့နယ်အတွင်း၌ ကျေးရွာ(၈)ရွာနှင့် မန်စီမြို့နယ်အတွင်း၌ ကျေးရွာ(၂၂)ရွာ စုစုပေါင်း ကျေးရွာ(၅၁)ရွာတို့မှ အိမ်ထောင်စုပေါင်း (၈၀၇၃)စု မီးလင်းမည်ဖြစ်ပြီး ကျေးရွာပြည်သူလူထု၏ လူမှုရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုနိုင်ကြောင်း သိရသည်။     

ကိန်းဖြူ(ပြန်/ဆက်)