ရန်ကုန်  ဇူလိုင်  ၁၃

 

ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့က ကြီးမှူးဖွင့်လှစ်သည့် ဗုဒ္ဓဘာသာ အဆင့်မြင့်ယဉ်ကျေးမှု သင်တန်းအမှတ်စဉ် (၃) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ မွန်လွဲ ၁ နာရီတွင် စေတီတော်မြောက်ဘက်မုဒ်ရှိ ထီးတော် ရုံ တန်ဆောင်း၌ ကျင်းပသည်။

 

အခမ်းအနားတွင် ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့အလှည့်ကျ သဘာပတိ ဦးသိန်းထွဋ်မောင် က ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ရုံး ဝန်ထမ်းများ ဗုဒ္ဓဝေယျာဝစ္စများ ဆောင်ရွက်ရာတွင်လည်းကောင်း၊ ဘုရားဖူးများအား ဝန်ဆောင်မှုပေးရာ တွင်လည်းကောင်း၊ မြန်မာ့ယဉ်ကျေးမှုနှင့် ကိုက်ညီပြီး  အဆင့်အတန်းမြင့်မားလာစေရန် လည်းကောင်း ရည်ရွယ်၍ဖွင့်လှစ်ခြင်းဖြစ်ကြောင်း ပြောကြားသည်။

 

ထို့နောက် ဆုထူးပန် အဘိဓမ္မာပြန့်ပွားရေး အသင်းနာယက ဦးသောင်းငွေ က သင်တန်းနှင့် စပ်လျဉ်း၍ ပြောကြားပြီး သင်တန်းနည်းပြဆရာကြီး မဟာသဒ္ဓမ္မ ဇောတိကဓဇ ဦးဟန်က သင်တန်းဖွင့်လှစ်သင်ကြားရခြင်းနှင့် ပက်သက်၍ မုဒိတာစကား ပြောကြားသည်။

 

အဆိုပါ သင်တန်းသို့ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကရုံးမှ ဝန်ထမ်း သင်တန်းသား သင်တန်းသူပေါင်း(၄၀) တတ်ရောက်ကြပြီး သင်တန်းကာလမှာ ယနေ့မှ ဇူလိုင်၂၇ ရက်အထိ ရက်သတ္တပတ် နှစ်ပတ်ဖြစ်ကြောင်း သိရသည်။

 (သတင်းစဉ် )