ရန်ကုန် ဇူလိုင် ၉
စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာန၏ ဆီထွက်သီးနှံ(နေကြာ)စိုက်ပျိုးမှုအပေါ် စာရင်းကောက်ယူပြုစုခြင်း၊ စာချုပ်စာတမ်း များ မှတ်ပုံတင်ဥပဒေနှင့် လယ်ယာမြေဥပဒေတို့အရ စာချုပ်စာတမ်းများ မှတ်ပုံတင်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ ရန်ကင်းမြို့နယ် ဆည်းမြောင်းလမ်းသွယ်ရှိ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပသည်။
အခမ်းအနားတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီးက "ယနေ့အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် အရာထမ်း၊ အမှုထမ်းများ အနေဖြင့် ဆီထွက်သီးနှံ(နေကြာ) စိုက်ပျိုးထုတ်လုပ်မှု စာရင်းကောက်မှုအပိုင်းတွင် စာရင်းဇယားများ တိကျမှန်ကန်ရေး ကိစ္စရပ်သည့်အရေးကြီးကြောင်း၊ ထို့ပြင် ယခုပြုလုပ်သည့် စာချုပ်စာတမ်းများ မှတ်ပုံတင်ဥပဒေ ၊ လယ်ယာမြေဥပဒေတို့အရ စာချုပ်စာတမ်းများ မှတ်ပုံတင် ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့်ပက်သက်၍ လက်တွေ့မြေပြင်၌လုပ်ငန်း ဆောင်ရွက်ကြ ရသည့်အခါ မရှင်းလင်းသည့် အချက်အလက်များ၊ ဆွေးနွေးလိုသည့် အချက်အလက်များကို သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်သွားကြရန်နှင့် ပြည်သူလူထုနှင့် ထိတွေ့ဆောင်ရွက်ကြသည့်အခါ လုပ်ငန်းကြန့်ကြာမှုမရှိစေဘဲ စေတနာထား၍ အဂတိကင်းစွာ ဆောင်ရွက်ပေးကြရန်လိုကြောင်း မှာကြားသည်။
ထို့နောက် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဦးသက်နိုင်ဦး က အလုပ်ရုံဆွေးနွေးပွဲနှင့်ပက်သက်၍ အမှာစကားပြောကြားသည်။
ယင်း အလုပ်ရုံဆွေးနွေးပွဲတွင် နိုင်ငံအဝန်းဆောင်ရွက်နေကြသည့် နေကြာသီးနှံ တိုးချဲ့စိုက်ပျိုးရာ တွင်စာရင်းဇယား မှန်ကန်ကောက်ယူရေး၊ ၂၀၁၈ ခုနှစ်စာချုပ် စာတမ်းများ မှတ်ပုံတင်ဥပဒေနှင့် ၂၀၁၂ ခုနှစ်လယ်ယာမြေ ဥပဒေများတွင် ကြုံတွေ့နေရသော စာချုပ်စာတမ်း မှတ်ပုံတင်ခြင်း ဆိုင်ရာ လုပ်ငန်းအခက်အခဲများကို ဇူလိုင် ၁၀ ရက်အထိ ဆွေးနွေးသွားကြမည်ဖြစ်ပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ရန်ကုန်တိုင်းဒေသကြီး အပါအဝင် တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်းနှင့် ရခိုင်ပြည်နယ်တို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အဆိုပါအလုပ်ရုံဆွေးနွေးပွဲများကို နေပြည်တော်၊ မန္တလေး၊ တောင်ကြီးနှင့် ရန်ကုန်တို့တွင် ကျင်းပခဲ့ပြီး မွန်ပြည်နယ် မော်လမြိုင်မြို့တွင်ကျင်းပသွားရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
(သတင်းစဉ်)