ရန်ကုန် ၇ ဇူလိုင်
စာရေးဆရာမ စိမ့်စမ်းဖြူ(ဆေးတက္ကသိုလ်)၏ “သခင့်ကိုရှာ” လုံးချင်းဝတ္ထုသစ် မိတ်ဆက်ပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ Junction City ရှိ စာပေလောက စာအုပ်ဆိုင်၌ ကျင်းပသည်။
စာရေးဆရာမ စိမ့်စမ်းဖြူ(ဆေးတက္ကသိုလ်)က မိမိအနေဖြင့် စာကောင်းပေမွန်များ ပိုမိုဖန်တီးနိုင်ရန် ကြိုးစားလျက်ရှိကြောင်း၊ သခင့်ကိုရှာစာအုပ်သည် စာပေလောကထဲသို့ ဝင်ရောက်စဉ်က ရေးသားခဲ့သောဝတ္ထုတိုကို ဝတ္ထုရှည်အနေဖြင့် ပြန်လည်ရေးသားခဲ့ခြင်းဖြစ်ကြောင်း၊ အတိတ်နှင့်ပစ္စုပ္ပန်ကို ရောပြွမ်း၍ တင်ပြပုံနည်းသစ်ဖြင့် ရေးသားထားကြောင်း၊ ဘာသာရေးနှင့်ပတ်သက်၍ အသိပညာတစ်ခု ရရှိမည်ဖြစ်ကြောင်း၊ ဒဏ္ဍာရီဖြစ်ရပ်တစ်ခုကို နောက်ခံပြီး ရေးသားထားသော စာအုပ်ဖြစ်ပြီး ဗဟုသုတ၊ စိတ်အပန်းဖြေ စာအုပ်တစ်အုပ်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
စာရေးဆရာမ စိမ့်စမ်းဖြူ(ဆေးတက္ကသိုလ်)၏ “သခင့်ကိုရှာ” လုံးချင်းဝတ္ထုသစ်ကို စာပေချစ်ပရိသတ်များဖတ်ရှုနိုင်ရန်အတွက် Smart စာပေမှ မြန်မာတစ်ပြည်လုံးသို့ ဇူလိုင်လဆန်းတွင် တစ်အုပ်လျှင် ၂၅၀ဝ နှုန်းဖြင့် ဖြန့်ချိထုတ်ဝေလိုက်ကြောင်း သိရသည်။
(သတင်းစဉ်)


