နေပြည်တော် ၉ ဇူလိုင်
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနက ကြီးမှူးကျင်းပသည့် စားရိပ်သာဆိုင်ရာ လုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်ရေးသင်တန်းအား နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း Multipurpose Hall ခန်းမ၌ ဖွင့်လှစ်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး သွားရောက်ကြည့်ရှု စစ်ဆေးသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားပြီး သင်တန်းနှင့်ပတ်သတ်သည့် စာတွေ့လက်တွေ့ပို့ချသော သင်ခန်းစာစာအုပ်များနှင့် အထောက်အကူပြုပစ္စည်းများကို လိုက်လံကြည့်ရှုသည်။
ထို့နောက် သင်တန်းသား/သင်တန်းသူ ကိုယ်စားလှယ်တစ်ဦးစီက သင်တန်းမှရရှိသော အကျိုးကျေးဇူးများ၊ သင်ခန်းစာနည်းပြ သင်္ဂဟဟိုတယ်မှ စားဖိုမှူးဦးမြင့်နိုင်က သင်တန်းနှင့်ပတ်သက်သည့် အချက်အလက်များကို ရှင်းလင်းပြောကြားရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များမှာကြားသည်။
အဆိုပါသင်တန်းကို စားရိပ်သာဝန်ထမ်းများ ချက်ပြုတ်ရေးအတွက် လိုအပ်သည့်ကုန်ကြမ်းများအား တွက်ချက်ဝယ်ယူခြင်း၊ သိုလှောင်သိမ်းဆည်းခြင်း၊ မီးဖိုချောင်သုံး ပစ္စည်းကိရိယာများအား နည်းစနစ်တကျအသုံးပြုခြင်း၊ ဟင်းလျာစာရင်း ပြင်ဆင်ရေးဆွဲခြင်း အခြေခံသဘောတရားများအား သိရှိနားလည်လာပြီး လက်တွေ့အသုံးချတတ်လာစေရန်နှင့် အစားအသောက်ဘေးကင်း လုံခြုံရေးနှင့် ပတ်သက်သည့် အသိပညာဗဟုသုတများရရှိ၍ လုပ်ငန်းခွင်တွင် ပြန်လည်အသုံးချနိုင်စေရန်၊ စားရိပ်သာဝန်ထမ်းများသည် အစားအသောက်များတွင် ပါဝင်သော အာဟာရဓါတ်များအကြောင်း နားလည်သဘောပေါက်ပြီး အာဟာရပြည့်ဝသော အစားအသောက်များကို ပြင်ဆင်ချက်ပြုတ်တတ်စေရန် ရည်ရွယ်ပြီး အစားအသောက်ဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းစီမံခန့်ခွဲခြင်း၏ အခြေခံသဘောတရားများနှင့် ဟင်းလျာစာရင်းပြင်ဆင်ရေးဆွဲခြင်း၊ အစားအသောက် ဘေးကင်းလုံခြုံစေရေး၊ အစာအုပ်စုများနှင့် အာဟာရဓါတ်ဆိုင်ရာ အခြေခံသဘောတရားများကို သင်ကြားပေးခြင်းဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


