နေပြည်တော် ဇူလိုင် ၁၄

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး နေပြည်တော်သင်တန်းကျောင်းတွင် ဖွင့်လှစ်သည့် စာရင်းစစ်မှူးများလုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေး မွမ်းမံသင်တန်း အမှတ်စဉ်(၃၇) သင် တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀နာရီခွဲတွင် နေပြည်တော်ရှိ  ပြည်ထောင်စုစာရင်း စစ်ချုပ်ရုံး  စုပေါင်းခန်းမ၌ ကျင်းပသည်။ 

သင်တန်းဖွင့်ပွဲတွင် ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာကံဇော်က ပြည်သူ့ဘဏ္ဍာ ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် လူမှုရေးအခြေခံအဆောက်အအုံများ၏ အကျိုးကျေးဇူးများကို  ပြည်သူများ ပြည့်ပြည့်ဝဝရရှိခံစားနိုင်စေရန်နှင့် ပြည်သူ့ဘဏ္ဍာရန်ပုံငွေကို ထိရောက်စွာ ကာကွယ်စောင့်ရှောက်နိုင်ရန်အတွက် စစ်ဆေးသူများသည် အဆိုပါလုပ်ငန်း စီမံ ကိန်းများကို စံချိန်စံညွှန်းများနှင့်အညီ သတ်မှတ်ကာလအတွင်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှုရှိ မရှိကို အချိန်နှင့်တစ်ပြေးညီ စစ်ဆေးဆောင်ရွက်နိုင်ရန်လည်း လိုအပ် ကြောင်း။ 

သင်တန်းသားများအနေဖြင့် လက်တွေ့လုပ်ငန်းခွင်တွင် ကျင့်ဝတ်သိက္ခာနှင့်အညီ ထိရောက်စွာ ပြန်လည်အသုံးချခြင်းဖြင့် ပြည်သူ့အကျိုးကို စိတ်စေတနာကောင်းဖြင့် ကြိုးစား ဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး (နေပြည်တော်) သင်တန်းကျောင်း၊ ကျောင်းအုပ်က သင်တန်းဆိုင်ရာအချက်အလက်များကို ရှင်းလင်းပြောကြားပြီး ပြည်ထောင်စု စာရင်းစစ်ချုပ်က သင်တန်းသားများကို ရင်းနှီးစွာ လိုက်လံနှုတ်ဆက်သည်။

အဆိုပါသင်တန်းသို့ သင်တန်းသား သင်တန်းသူ စုစုပေါင်း ၁၀၈ ဦး တက်ရောက်မည် ဖြစ်ပြီး ISSAI Based Financial Audit, ISSAI Based Performance Audit, ISSAI Based Compliance Audit အပါအဝင် ဘာသာရပ်(၆)ခုကို  ဩဂုတ် ၆ ရက်အထိ  ရက်သတ္တ (၃)ပတ်ကျော် သင်ကြားပို့ချသွားမည်ဖြစ်သည်။

ထို့ပြင် ပြည်ထောင်စုစာရင်းစစ်ချုပ်သည် ယနေ့နံနက် ၉ နာရီတွင် ကျင်းပသည့် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲသို့ တက်ရောက်၍ ကံ့ကော်ပင်ကို စိုက်ပျိုးပေးပြီး  အမြဲတမ်းအတွင်းဝန်၊ တာဝန်ရှိသူများနှင့် အရာထမ်း၊ အမှုထမ်းများက ကံကော်၊ ခရေ၊ စိန်ပန်း၊ မဟော်ဂနီ၊ ကျွန်း၊ ပျဉ်းကတိုးအပါအဝင် ပျိုးပင်ပေါင်း ၁၈၀ ကို စိုက်ပျိုးခဲ့ ကြကြောင်း သိရသည်။ 
(သတင်းစဉ်)