တံတားဦး ၈ စက်တင်ဘာ
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်တွင် ဖွင့်လှစ်ရောင်းချလျက်ရှိသော စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆောင်ရွက်နေစဉ်ကာလ အတွင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များ၊ စည်းကမ်းချက်များကို လိုက်နာမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့ နံနက် ၁၀ နာရီက ကွင်းဆင်းဆောင်ရွက်ကြကြောင်း သိရသည်။
အဆိုပါကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအဖွဲ့ဝင်များက မြို့ပေါ်ရပ်ကွက်များတွင် ဖွင့်လှစ်ရောင်းချလျက်ရှိ သော စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြား ချက်များဖြစ်သည့် စားပွဲတစ်လုံးနှင့်တစ်လုံး သတ်မှတ်အကွာအဝေး၌ ထားရှိခြင်း ရှိ/မရှိ၊ မိမိတို့၏ ဆိုင်ပေါက်ဝတွင် လက်ဆေးဆပ်ပြာ(သို့မဟုတ်) Hand Gel ဘူးများထားရှိခြင်း ရှိ/မရှိ ဆိုင်ရှင်နှင့် အလုပ်သမားတို့တွင် Face Shiled နှင့် Mask အသုံးပြုခြင်း ရှိ/မရှိ ၊ စားသုံးသူများအနေဖြင့်လည်း Mask တပ်ဆင်ရေး၊ မည်သည့်ဆိုင်တွင်မဆို စားပွဲတစ်လုံးနှင့် ထိုင်ခုံနှစ်လုံးသာ ထားရှိပေးရန်နှင့် မိမိတို့ ရောင်းချသောဆိုင်အတွင်း သန့်ရှင်းသပ်ရပ်မှု ရှိ/မရှိ စစ်ဆေးခြင်းဖြစ်ကြောင်း၊ ဒါ့အပြင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ထားသော အမိန့်နှင့်ညွှန်ကြားချက်များကို စနစ်တကျ လိုက်နာ ဆောင်ရွက်မှုတို့ကို ကွင်းဆင်းစစ်ဆေးခြင်းဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင် အရာရှိ ဦးကျော်နိုင်က ပြောသည်။
စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များအနေဖြင့် သတ်မှတ်ထားသော စည်းကမ်းများကို တိတိကျကျလိုက်နာဆောင်ရွက်မှသာ ဆိုင်ထိုင်စနစ်ရောင်းချခွင့်ပြုမည်ဖြစ်ပြီး စည်းကမ်းချက်များနှင့် အညီ ပြင်ဆင်ဆောင်ရွက်မှုမရှိသော ဆိုင်များကို ပြန်လည်ဖွင့်လှစ်ရောင်းချခွင့် ပြုမည်မဟုတ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
ရဲတင့်(ပြန်/ဆက်)


