ဟားခါး ၁၉ သြဂုတ်
ချင်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဉီးစီးဌာနမှ (COVID−19) စီးပွားရေးကုစားမှု အစီအစဉ်ဖြင့် စားသောက်ကုန်လက်တွေ့ လုပ်ငန်းခွင်သင်တန်းကိုသြဂုတ်လ ၁၇ ရက်နေ့တွင် ဟားခါး မြို့ ဈေးသစ်ရပ်ကွက် ကာရာနီနှစ်ခြင်းအသင်းတော်ခန်းမ၌ စတင်ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ယနေ့ နံနက်က သင်္ဘောသီးယို ပြုလုပ်နည်းများ သင်ကြားပို့ချလျက်ရှိကြောင်း သိရသည်။
“ချင်းပြည်နယ်အတွင်းမှာရှိတဲ့ ဒေသခံပြည်သူတွေအနေနဲ့ တစ်နိုင်တစ်ပိုင်စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နိုင်ဖို့ အသေးစားစက်မှုလက်မှု လုပ်ငန်းဉီးစီးဌာန(ရုံးချုပ်) ရန်ပုံငွေဖြင့် ဖွင့်လှစ်ရခြင်း ဖြစ်ကြောင်း၊ (COVID−19) ကာလအတွင်း စီးပွားရေးလုပ်ငန်းများကို အကျိုးရှိရှိအသုံးချနိုင်ရေးအတွက် သင်ကြား ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း” ပြည်နယ်အသေးစားစက်မှု လက်မှုလုပ်ငန်းဉီးစီးဌာနမှ ဒေါ်လှဇခင်က ပြောကြားသည်။
အဆိုပါ စားသောက်ကုန်လုပ်ငန်းခွင်သင်တန်းတွင် ဇီးယို၊ ချင်းယို၊ သင်္ဘောသီးယို၊ ရှောက်ယို၊ ခရမ်းချဉ်သီးယို စသည့် စားသောက်ကုန်(၅)မျိုး သင်ကြားပို့ချပေးသွားမည်ဖြစ်ရာ ဟားခါးမြို့ပေါ်ရှိ ဒေသခံပြည်သူ (၃၀)တက်ရောက်သင်ကြားလျက်ရှိပြီး ထန်တလန်မြို့တွင်လည်း စက်တင်ဘာ ၇ ရက်မှ ၁၂ ရက်အထိ လူသုံးကုန်လုပ်ငန်းခွင်သင်တန်းအား လည်းကောင်း၊ စက်တင်ဘာ ၁၄ ရက်မှ ၁၉ ရက်အထိ စားသောက်ကုန် လုပ်ငန်းခွင်သင်တန်းတို့ကို ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း ပြည်နယ်အသေးစား စက်မှုလက်မှု လုပ်ငန်းဉီးစီးဌာနမှ သိရသည်။
ခရိုင်(ပြန်/ဆက်)