မင်းဘူး ဧပြီ ၁၈

 

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်တွင် စားသုံးဆီ ဖူလုံစေရေးအတွက် နွေနှမ်း ၂၀၂၇၄ ဧက လျာထားစိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

 

ထိုသို့ နွေနှမ်းသီးနှံများ စိုက်ပျိုးရာတွင် ဆည်ရေနှင့် မြစ်ရေတင် စီမံကိန်းများမှ ရေပေးဝေစိုက်ပျိုးသွားမှာဖြစ်ပြီး အိုင်းမဆည်မှ ဧက ၁၆၇၀၀၊ ကမ်းနီမြစ်ရေတင်စီမံကိန်းမှ ဧက ၄၅၀၊ ကျောက်စံ လျှပ်စစ်ရေတင် စီမံကိန်းမှ ဧက ၄၀၀၊ မြေအောက်ရေ တူးဖော်ပေးဝေရေးမှ ၈၂၁ ဧကဖြင့် စုစုပေါင်း ၂၀၂၇၄ ဧက လျာထား စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။

 

“ကျွန်တော်တို့ မင်းဘူး(စကု) မြို့နယ်အတွင်းမှာ အခုနှစ် မိုးစပါးသီးနှံအနေနဲ့ ၄၀၀၄၄ ဧက စိုက်ပျိုးထားပါတယ်။ နွေနှမ်းသီးနှံကတော့ ၂၀၂၇၄ ဧက စိုက်ပျိုးသွားမှာဖြစ်ပြီး လျာထားချက် ပြည့်မီရေးနှင့် မျိုးကောင်း မျိုးသန့်ဖြစ်စေရေး၊ စိုက်ပျိုးတဲ့နည်းစနစ် မှန်ကန်စေရေး၊ သွင်းအားစု အလုံအလောက် ရရှိရေးတို့အပြင် ပိုးမွှားရောဂါ ကာကွယ်ရေး လုပ်ငန်းများကို ကျွန်တော်တို့ ဝန်ထမ်းတွေက စိုက်ခင်းထဲအရောက် အသိပညာပေးပြီး လုပ်ဆောင်ပေးနေပါတယ်” ဟု မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူး ဦးဇော်မင်းသူက ပြောသည်။

 

ဇေယျာထက်(မင်းဘူး)