ရိခေါ်ဒါရ် ၆ မေ    

 

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ချင်းပြည်နယ် စားသုံးသူရေးရာဦးစီးဌာန၏ စီစဉ်မှုဖြင့် အစားအသောက်နှင့် စားသုံးသူရေးရာဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲကို မေ ၆ ရက် နံနက် ၁၀ နာရီတွင် ရိခေါ်ဒါရ်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

 

အခမ်းအနားတွင် ရိခေါ်ဒါရ်မြို့ ခေတ္တအုပ်ချုပ်ရေးမှူး ဦးပေါင်ဒိတ်တုန်းက အဖွင့်အမှာစကားပြောကြားပြီး ချင်းပြည်နယ် စားသုံးသူရေးရာဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးသောင်းကြိုင်က စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်နှင့် ရည်မှန်းချက်လုပ်ငန်းများ၊ စားသုံးသူများ၏ အခွင့်အရေးများ၊ ကုန်ပစ္စည်းသတိပေးချက် (Product Alert)များ၊ စားသုံးသူရေးရာ Website ရေးဆွဲခြင်းနှင့် Website တွင်ဖော်ပြထားသည့် ကဏ္ဍများနှင့် အခြားသိသင့်သိထိုက်သည်များကို အကျယ်တဝင့်ရှင်းလင်း ဆွေးနွေးပြီး တက်ရောက်လာသူများက သိရှိလိုသည်များ မေးမြန်းဆွေးနွေးကာ ပြည်နယ်ဦးစီးမှူးနှင့် သက်ဆိုင်ရာများက ဖြေကြားဆွေးနွေးပေးသည်။

 

အဆိုပါဆွေးနွေးပွဲတွင် စားသုံးသူရေးရာဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးသည့်အပြင် ၎င်းလက်ကမ်းစာစောင်များကို ရပ်ကွက်အတွင်းရှိ စားသောက်ကုန်ပစ္စည်းဆိုင်များ၊ စတိုးဆိုင်များသို့လည်း ရိခေါ်ဒါရ်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဆက်လက်ဖြန့်ဝေပေးခဲ့ကြောင်း၊ အဆိုပါအခမ်းအနားတွင် ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့စည်ပင်သာယာရေး ကော်မတီအဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ တက်ရောက်ခဲ့ကြောင်း သိရသည်။

 

ရိခေါ်ဒါရ် (ပြန်/ဆက်)