မြစ်ကြီးနား ၁၈ မေ      

 

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ မြစ်ကြီးနားမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးဇော်ရာ ဦးဆောင်သော ဝန်ထမ်းများအဖွဲ့သည် မေ ၁၆ ရက်၊  နံနက် ၁၀ နာရီက မြစ်ကြီးနားမြို့နယ် နောင်နန်းကျေးရွာအုပ်စု၊ နောင်နန်းကျေးရွာရှိ ဂျော်မဆတ်နှစ်ခြင်း စစ်ဘေးရှောင်စခန်းသို့ သွားရောက်ပြီး မြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းများမှ နေရပ်စွန့်ခွာလာသော ပြည်သူ ကျား/မ ၂၃၅ ဦး အား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း မြစ်ကြီးနားမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးဇော်ရာထံမှ သိရသည်။ 

 

နေရပ်စွန့်ခွာ စစ်ဘေးရှောင်ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်း ပြုလုပ်ဆောင်ရွက်ပေးရာတွင် မြစ်ကြီးနားမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးဇော်ရာက နေရပ်စွန့်ခွာ ပြည်သူများကို နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းပြုလုပ်ပေးရခြင်း၏ ရည်ရွယ်ချက်နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား မပျောက်ပျက်အောင် ကာကွယ်ထိန်းသိမ်းရမည့် နည်းစနစ်များကို ပညာပေးရှင်းလင်းဆွေးနွေး ပြောကြားသည်။ 

 

ထို့နောက် မြို့နယ်ဦးစီးမှူး ဦးဇော်ရာ၏  ဦးဆောင်မှုဖြင့် ဝန်ထမ်းများအဖွဲ့က မြစ်ကြီးနားမြို့နယ် စစ်ဘေးရှောင် စခန်းများဖြစ်သည့် နောင်နန်းကျေးရွာရှိ ဂျော်မဆတ်နှစ်ခြင်း ၊ မော်ဖေါင်း ခါနန် ၊ မော်ဖေါင်း လော်ဝေါ်၊ တပ်ကုန်း KBC ၊ စုစုပေါင်း စစ်ဘေးရှောင်စခန်း ၄ မှ ဒေသခံပြည်သူ ကျား ၁၁၀ ဦး ၊ မ ၁၂၅ ဦး ၊ စုစုပေါင်း ၂၃၅ ဦး တို့အား အထောက်အထားများ စီစစ်၍ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြသည်။  

 

ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်တွင် နိုင်ငံတော်အစိုးရမှ နေရပ်စွန့်ခွာ စစ်ဘေးရှောင်ပြည်သူများအား နေထိုင် သွားလာရေး အဆင်ပြေစေရန်အတွက် သင့်လျော်သည့်နေရာများတွင် ယာယီစစ်ဘေးရှောင်စခန်းများကို ဖွင့်လှစ်ထားရှိ၍  ကူညီစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် ယာယီစစ်ဘေးရှောင်စခန်း စုစုပေါင်း ၂၃ ခု ရှိကြောင်း သိရသည်။ ယခုအခါ  အဆိုပါ နေရပ်စွန့်ခွာ ပြည်သူများအား မြစ်ကြီးနားမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဆိုင်ရာဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများအဖွဲ့က စခန်း ၂၂ ခုရှိ နေရပ်စွန့်ခွာ ပြည်သူများကို နိုင်ငံသားစိစစ်ရေးကတ်ပြားများ လက်ဝယ်ကိုင်ဆောင်ခွင့် ရရှိစေရေးအတွက် အထောက်အထားများစိစစ်၍ ကွင်းဆင်းပြုလုပ်ဆောင်ရွက်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်းနှင့်  ကျန်ရှိသည့် စခန်းတစ်ခုမှ နေရပ်စွန့်ခွာပြည်သူများအား ဆက်လက်ကွင်းဆင်း ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးဇော်ရာ ၏ ပြောပြချက်အရ သိရသည်။   

 

 ရဲဝင်းနိုင် (ညောင်ဦး)

 

DSA