စစ်ကိုင်း ၂၄ မေ
စစ်ကိုင်းမြို့၊ ရွှေမင်းဝံရပ်ကွက်၂၃ လမ်းနှင့် စစ်ကိုင်း -မြစ်ကြီးနားသွား ရထားလမ်းတစ်လျှောက်တွင် ကျွန်း၊ ပျဉ်းကတိုး သစ်ပင် ၄၀ဝ၀ ကျော် စိုက်ပျိုးသွားမည်ဖြစ်ကြောင်း စစ်ကိုင်းမြို့နယ် သစ်တောဦးစီးဌာနမှ သိရသည်။
အဆိုပါ ရွှေမင်းဝံရပ်ကွက်၂၃ လမ်းနှင့် စစ်ကိုင်း -မြစ်ကြီးနားသွား ရထားလမ်းတစ်လျောက်ရှိ နှစ်ပေါင်းများစွာ ရှင်းလင်းခုတ်ထွင်ခြင်း မရှိသည့် ခြုံနွယ်များကို ဧပြီ ၂၃ ရက်နေ့က စတင်ခုတ်ထွင် ရှင်းလင်းခဲ့ပြီး ကျွန်း (၂၄၉၉)ပင်၊ပျဉ်းကတိုး (၁၆၆၆) ပင် စုစုပေါင်း သစ်ပင် (၄၁၆၅) ပင်ကို စိုက်ပျိုးသွားမည်ဖြစ်ကြောင်း စစ်ကိုင်းမြို့နယ် သစ်တောဦးစီးဌာန ဦးစီးမှုး ဦးညွန်လှိုင် က ပြောသည်။
စိုက်ပျိုးရန်အတွက် မေ ၁၉ ရက်နေ့က စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဦးစိုးဦး၊စစ်ကိုင်းမြို့နယ် သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများ၊ ရွှေမင်းဝံရပ်ကွက် အုပ်ချုပ်ရေးမှူးတို့သည် ကွင်းဆင်း၍ ပန္နက်တိုင်များ ရိုက်ပြီး နေရာသက်မှတ် ဆောင်ရွက်လျှက်ခဲ့ကြောင်း ၎င်းကပြောသည်။
သစ်ပင်စိုက်ပွဲကို ဇွန် ၁၉ ရက်နေ့ နံနက် ၈ နာရီ အချိန်တွင် ကျင်းပသွားမည်ဖြစ်ပြီး ယင်းသစ်ပင်စိုက်ပွဲတော်ကို စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ကိုယ်တိုင် တက်ရောက်မည်ဖြစ်ကြောင်းနှင့် သစ်ပင်စိုက်ပျိုးခြင်းအားဖြင့် ပြည်သူများ စိတ်ဓာတ်ပိုမိုမြင့်မားလာပြီး စိတ်ပျော်ရွှင်မှု ရရှိစေရန်၊ သစ်ပင်စိုက်ပျိုးပေးခြင်းဖြင့် နိုင်ငံတော်၏ ဘဏ္ဍာကို တစ်နည်းတစ်လမ်း ဖြည့်ဆည်းပေးနိုင်လာစေရန်၊ သစ်တောသစ်ပင်များ ပြုစုထိန်းသိမ်းလာတတ်စေရန်၊ သဘာဝဘေးအန္တရာယ်များ လျော့ပါးစေရန်နှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဝန်ဆောင်မှုများ တိုးပွားလာစေရန် စသည့် ရည်ရွယ်ချက်မျာဖြင့် စိုက်ပျိုးခြင်းဖြစ်ကြောင်း သိရသည်။
ကိုမင်း(အင်းတော်)