စစ်ကိုင်း  ၂၀    မေ   


စစ်ကိုင်းမြို့ သောတာပန်ရပ်ကွက်ရှိ သမိုင်းဝင် လေးကျွန်းမာရ်အောင်စေတီတော်အား ထီးတော်အသစ် တင်လှူပူဇော်သွားမည်ဖြစ်ကြောင်း ဘုရားဂေါပကအဖွဲ့ထံမှ သိရသည်။


အဆိုပါ ထီးတော်အသစ်လှူဒါန်းမှုကို ဓမ္မဒူတဆရာတော် ဒေါက်တာအရှင်ဆေကိန္ဒအား အမှူးထား၍ ဒေါ်အုန်းကြည်မိသားစုမှ လှူဒါန်းခြင်းဖြစ်ကြောင်း၊ ထီးတော်အသစ် တင်လှူပူဇော်နိုင်ရေးအတွက် မေ ၁၆ ရက်ကစတင်၍ ငြမ်းဆင်ခြင်း လုပ်ငန်းများကို စတင်ဆောင်ရွက်နေပြီးဖြစ်ကြောင်း လေးကျွန်းမာရ်အောင်ဘုရား ဂေါပကအဖွဲ့ဝင် ဦးခင်မောင်လတ်ကပြောသည်။


ထို့အပြင် လေးကျွန်းမာရ်အောင်စေတီတော်အား အီတလီနိုင်ငံထုတ် အဖြူရောင်ဆေးသင်္ကန်း ကပ်လှူပူဇော်ခြင်း လုပ်ငန်းကိုလည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် စတီးထီးတော်အသစ် တင်လှူပူဇော်မှုကို  လေးကျွန်းမာရ်အောင်စေတီတော်၏ (၁၀၇)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်မတိုင်ခင်အပြီးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောသည်။


၂ဝ၁၂ ခုနှစ် နိုဝင်ဘာ ၁၁ ရက် ကလှုပ်ခတ်ခဲ့သည့် မြေငလျင်ဒဏ်ကြောင့်  လေးကျွန်းမာရ်အောင်စေတီ ထီးတော်မြေခကြောင်း၊ ၂၀၁၃ ခုနှစ်တွင် နိုင်ငံတော်သမ္မတဦးသိန်းစိန်(ငြိမ်း)မှ လေးကျွန်းမာရ်အောင်စေတီတော်အား ရွှေထီးတော်၊ စိန်ဖူးတော် တင်လှူပူဇော်ခဲ့ကြောင်း သိရသည်။


သမိုင်းဝင် လေးကျွန်းမာရ်အောင်စေတီတော်ကို မြန်မာသက္ကရာဇ် ၁၀၇၆ခုနှစ်တွင်နန်းတက်သော စနေမင်းတရားကြီး၏သားတော် သိရီပဝရ မဟာဓမ္မရာဇဘွဲခံ တနင်္ဂနွေမင်းသည် သက္ကရာဇ် ၁၀၈၆ ခုနှစ်တွင် မတ္တရာမြို့နယ်စကျင်တောင်မှ ကျောက်ဖြူတုံးအား ရေလမ်းမှယူဆောင်၍ ဂေါတမဘုရားရှင် အရပ်တော်ပမာဏအတိုင်း (၁၈)တောင်ရှိသော ရုပ်ပွားတော်မြတ်အား ထုလုပ်ပူဇော်ခဲ့ကာ လေးကျွန်းမာန်အောင်စေတီအား တည်ထားခဲ့ကြောင်း သမိုင်းမှတ်တမ်းအရ သိရသည်။


ကိုမင်း(အင်းတော်)