စစ်ကိုင်း ၂၉ ဇွန် 

 

စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့အား စံပြမြို့ တစ်မြို့အဖြစ် ဖြစ်လာစေရန် One State Township စီမံချက်ဖြင့် ပြုလုပ်သွားမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဦးက ပြောသည်။

 

စစ်ကိုင်းမြို့အား စံပြမြို့ဖြစ်လာစေရန်အတွက် စစ်ကိုင်းမြို့တော်ခန်းမ၌ ဇွန်လ ၂၈ ရက်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်သည့် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် စစ်ကိုင်းခရိုင်လူထု တွေ့ဆုံပွဲတွင် ထိုသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။

 

"စစ်ကိုင်းမြို့ကို ပြည်ထောင်စုအစိုးရအဖွဲ့ရုံးကနေ One State One Township စီမံချက်အရ စစ်ကိုင်းမြို့ကို စံပြမြို့တစ်မြို့အဖြစ် ပြုလုပ် သွားဖို့အတည်ပြုပြီးပါပြီ။ အခုလက်ရှိ မုံရွာမှာ လွှတ်တော်နဲ့ အစိုးရရုံးတွေ၊ အိမ်ရာတွေ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာရုံးတွေ ဆောက်ပြီးသား ဖြစ်နေပါပြီ။ ပြန်ပြောင်းဖို့ဆိုရင် ကုန်ကျစရိတ်တွေ များသွားမယ်။ "ဟု စစ်ကိုင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဦးက ပြောသည်။

 

စစ်ကိုင်းတိုင်းဒေသကြီး၏ မြို့တော်သည် ယခင်က စစ်ကိုင်းမြို့ ဖြစ်ခဲ့ပြီး ၂၀ဝ၅ခုနှစ်က စစ်ကိုင်း တိုင်းဒေသကြီး၏မြို့တော်ကို စစ်ကိုင်းမြို့မှ မုံရွာမြို့သို့ ပြောင်းလဲ သတ်မှတ်ခဲ့ပြီး အစိုးရဌာနဆိုင်ရာ ရုံးများအားလုံး ရွှေ့ပြောင်းခဲ့ကြောင်း သိရသည်။

 

သူရိန်လင်း