စစ်ကိုင်း ၉ မေ
စစ်ကိုင်းမြို့နယ်အတွင်းရှိ ဈေးကွက်များအတွင်း ရောင်းချလျက်ရှိသည့် သုံးစွဲရန်နှင့် စားသုံးမှုတွင် အန္တရာယ်ဖြစ်စေသည့် ပစ္စည်း(၇)မျိုးကို မီးရှို့၊ မြေမြှုပ်၊ ဖျက်ဆီးခြင်းကို မေ(၉)ရက် နံနက်(၁၀)နာရီခွဲက ခရိုင်စားသုံးသူရေးရာဦးစီးဌာန၌ ကျင်းပခဲ့သည်။
အဆိုပါပစ္စည်းများမှာ စစ်ကိုင်းခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ဦးဆောင်ကာ စစ်ကိုင်းမြို့နယ်အတွင်း ရှိ ရွှေမင်းဝံဈေး၊ ညောင်ပင်ဝန်းဈေးနှင့်သောတာပန်ဈေးများအတွင်း ရောင်းချနေသည့်ကုန်စုံဆိုင်များကို ဖေဖေါ်ဝါရီ(၂၀)ရက်မှ ဧပြီ(၉)ရက်နေ့များအတွင်း ဝင်ရောက်စစ်ဆေးရာမှ ပြည်သူများသုံးစွဲခြင်းဖြင့် အန္တရာယ်ဖြစ်စေနိုင်သော အထောက်အထားများဖြစ်သည့် သက်တမ်းလွန်၊ မှိုတက်၊ တားမြစ်ထားသည့် ပစ္စည်းများကိုတွေ့ရှိ၍ သိမ်းဆည်းခဲ့ရာ ကျင်းထုံခြင်ဆေး(၄၁)ဘူးနှင့် တရုတ်စာတန်းပါ ကြက်အူချောင်း၊ ငှက်ပျောကိတ်၊ အသားတုကြော်၊ ပဲပုပ်ကျော်၊ မြမြင့်မိုရ်ဇယန်းလက်ဖက်ထုပ်အပါအဝင် ပစ္စည်း(၇)မျိုးကို စစ်ကိုင်းခရိုင် စားသုံးသူအငြင်းပွားမှုဖြေရှင်းရေး အဖွဲ့ဥက္ကဋ္ဌကိုယ်စား ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ကြည်တိုးနှင့် ဒုခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူးမျိုးလွင်တို့က ဦးဆောင်ကာ မီးရှို့၊ မြေမြုပ်ဖျက်ဆီး ခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့ ခရိုင်စားသုံးသူအငြင်းပွားမှုဖြေရှင်းရေးအဖွဲ့နှင့် အခြားဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မျိုးဝင်း (စစ်ကိုင်း)