စစ်ကိုင်း ၉ ဇူလိုင်
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ စစ်ကိုင်းမြို့နယ် အခွန်ဦးစီးဌာနမှူးရုံးမှ ကြီးမှူး၍ မိုဘိုင်းဟန်းဆက်နှင့် ဆက်စပ်ပစ္စည်းရောင်းချခြင်းနှင့် ဝန်ဆောင်မှုဆောင်ရွက်ပေးခြင်းတို့အတွက် ဟန်းဆက်နှင့်ငွေရပြေစာများအပေါ်တွင် အခွန်အမှတ်တံဆိပ် ကပ်နှိပ်ရောင်းချစေခြင်းနှင့် စပ်လျဉ်း၍ စစ်ကိုင်းမြို့နယ်အတွင်းရှိ လုပ်ငန်းရှင်များသို့ အခွန်ဆိုင်ရာ ရှင်းလင်းပွဲ အခမ်းအနားကို ယနေ့ နံနက်(၁၀)နာရီက အဆိုပါရုံးတွင် ကျင်းပခဲ့သည်။
အခမ်းအနားတွင် စစ်ကိုင်းမြို့နယ်အခွန်းဦးစီးမှူး ဦးအောင်မျိုးထိုက်က ကုန်သွယ်လုပ်ငန်းခွန်ကျသင့်စေခြင်း၊ အခွန်အမှတ်တံဆိပ် ကပ်နှိပ်ရောင်းချစေခြင်းအတွက် ကုန်သွယ်လုပ်ငန်းခွန် စည်းမျဉ်းအရ ပေးအပ်ထားသည့် ဆောင်ရွက်ခွင့်များ၊ ငွေရပြေစာပေါ်တွင် အခွန်အမှတ်တံဆိပ် ကပ်နှိပ်ရောင်းချသည့် လုပ်ငန်းများ၊ ကပ်နှိပ်ရမည့် အခွန်အမှတ်တံဆိပ် အမျိုးအစားများ၊ အခွန်အမှတ်တံဆိပ် ကပ်နှိပ်စေသည့် အစီအစဉ်များ ၊ ကပ်နှိပ်ရမည့် နည်းလမ်းများ၊ ထုတ်ယူရန်နည်းလမ်းများ၊ အခွန်အမှတ်တံဆိပ်ကပ်နှိပ်၍ ကုန်သွယ်လုပ်ငန်းခွန် ကောက်ခံရမည့် ဆောင်ရွက်ချက်များနှင့် ကပ်နှိပ်ရာတွင် လိုက်နာဆောင်ရွက်ရမည့် အချက်များ၊ အခွန်ပေးသွင်းခြင်းနှင့် အခွန်ခုနှိမ်ပေးသွင်းခြင်းများ၊ လိုက်နာရန်ပျက်ကွက်ခြင်းအတွက် ပြစ်မှုနှင့် ပြစ်ဒဏ်များ ၊ အကြောင်းတို့ကို အသေးစိတ် ရှင်းလင်းပြောကြားပေးပြီး လုပ်ထုံး/လုပ်နည်း/စည်းမျဉ်း/စည်းကမ်းများကို လိုက်နာဆောင်ရွက်ပေးခြင်းဖြင့် နိုင်ငံတော်အခွန်ဘဏ္ဍာများ တိုးတက်ရရှိလာနိုင်မှာဖြစ်ကာ မိမိတို့အနေဖြင့်နယ် မြေကွင်းဆင်းစစ်ဆေးသည့်အခါ မလိုလားအပ်သည့် ပြဿနာများ မဖြစ်ပေါ်စေရေးအတွက် ရှင်းလင်းပြောကြားရခြင်းဖြစ်ကြောင်း စသည်ဖြင့် ပြောကြားခဲ့သည်။
အခမ်းအနားသို့ စစ်ကိုင်းမြို့နှင့် မြို့နယ်အတွင်းရှိ မိုဘိုင်းလ်ဟန်းဆက်နှင့် ဆက်စပ်ပစ္စည်း အရောင်းဆိုင်များမှ လုပ်ငန်းရှင်များ တက်ရောက်ကြပြီး တက်ရောက်လာကြသည့် လုပ်ငန်းရှင်များက မိမိတို့သိရှိလိုသည်များကို မေးမြန်းကြရာ အခွန်းဦးစီးမှူးက ပြန်လည်ရှင်းလင်းဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
ဇော်မြင့်နိုင်(ပြန်ဆက်)


