ချောင်းဦး၊ ၁ ဇန်နဝါရီ
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ မြင်းဆည်ကျေးရွာတွင် ချောင်းဦးမြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနနှင့် စစ်ကိုင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်း၍ စားသုံးမှိုစိုက်ပျိုးထုတ်လုပ် လက်တွေ့ပြုလုပ်ပြသခြင်းကို ဇန်နဝါရီ ၁ ရက်နေ့ နံနက်ပိုင်းက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန လမ်းညွှန်မှုများကို လိုက်နာ၍ ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ စားသုံးမှို လက်တွေ့ပြုလုပ်စိုက်ပျိုးပြသနည်းကို မြို့နယ်စိုက်ပျိုးရေး ဦးစီးမှူး ဦးဇော်ဦးမှ ကိုဗစ်-၁၉ ကာလအတွင်း စားသုံးမှို စိုက်ပျိုးထုတ်လုပ် လက်တွေ့ပြသနည်း လုပ်ဆောင်ရခြင်း၏ ရည်ရွယ်ချက်ကို အသေးစိတ် ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
ထို့နောက်် ချောင်းဦးမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ လက်ထောက်ဦးစီးမှူး ဦးအောင်ဆွေဦးနှင့် လက်ထောက်ဦးစီးမှူး ဦးကျော်သူရထွန်းတို့မှ ခြင်းစနစ်၊ကျင်းစနစ်ဖြင့် မှိုစိုက်ပျိုးခြင်းသည် မြေဧရိယာကျဉ်းကျဉ်းတွင် စိုက်ပျိုးနိုင်ပြီး လုပ်ဆောင်ရလွယ်ကူသောကြောင့် ဒေသခံတောင်သူများ အပိုဝင်ငွေရရှိစေရန် စိုက်ပျိုးသင့်ကြောင်း၊ကျင်းစနစ်ဖြင့် မှိုစိုက်ပျိုးခြင်းဖြင့် အရင်းအနှီးနည်းနည်းနှင့် အကျိုးအမြတ်ရရှိနိုင်ကြောင်း၊ အချိန်တိုအတွင်း ခူးဆွတ်နိုင်သောကြောင့် မိသားစုများလည်း စားသုံးနိုင်ခြင်းနှင့် မိသားစု အပို၀င်ငွေရှာဖွေနိုင်ခြင်း၊ မှိုစိုက်ပျိုးဆွတ်ခူးပြီးသည့် ကုန်ကြမ်းများကို သဘာဝမြေသြဇာအဖြစ် ဆက်လက်အသုံးပြုနိုင်ကြောင်း၊ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့်ဆင်းရဲနွမ်းပါးမှုလျော့ချရေးစီမံကိန်း လုပ်ငန်းစဉ်များတွင် အထောက်အကူပြုစေရန်နှင့် မသန်စွမ်းသူများလည်း ပါဝင်စိုက်ပျိုးနိုင်ခြင်းဖြစ်ကြောင်း မှိုစိုက်ပျိုးနည်းကို လက်တွေ့ပြုလုပ်ပြသခဲ့သည်။
အဆိုပါသင်တန်းကို စစ်ကိုင်း မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး၊ ချောင်းဦးမြို့နယ်စိုက်ပျိုးရေးဌာနမှ၀န်ထမ်းများ၊ စစ်ကိုင်းခရိုင်နှင့် စစ်ကိုင်းမြို့နယ်စိုက်ပျိုးရေး ၀န်ထမ်းများ၊ ရမြင်းဆည်ကျေးရွာရှိ စိတ်ပါဝင်စားသော ဒေသခံတောင်သူများလည်း လာရောက်လေ့လာခဲ့သည်။
ဝင်းမြင့်အောင်(ပြန်ဆက်)


