ချောင်းဦး၊ ၁  ဇန်နဝါရီ

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ မြင်းဆည်ကျေးရွာတွင် ချောင်းဦးမြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနနှင့် ​စစ်ကိုင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနတို့ ပူး​ပေါင်း၍ စားသုံးမှိုစိုက်ပျိုးထုတ်လုပ် လက်တွေ့ပြုလုပ်ပြသခြင်းကို ဇန်နဝါရီ ၁ ရက်နေ့ နံနက်ပိုင်းက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန လမ်းညွှန်မှုများကို လိုက်နာ၍ ​ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ စားသုံးမှို လက်တွေ့ပြုလုပ်စိုက်ပျိုးပြသနည်းကို မြို့နယ်စိုက်ပျိုးရေး ဦးစီးမှူး ဦးဇော်ဦးမှ ကိုဗစ်-၁၉ ကာလအတွင်း စားသုံးမှို စိုက်ပျိုးထုတ်လုပ် လက်တွေ့ပြသနည်း လုပ်ဆောင်ရခြင်း၏ ရည်ရွယ်ချက်ကို အသေးစိတ် ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

ထို့နောက်် ​ချောင်းဦးမြို့နယ်စိုက်ပျိုး​ရေးဦးစီးဌာနမှ လက်ထောက်ဦးစီးမှူး ဦးအောင်ဆွေဦးနှင့် လက်ထောက်ဦးစီးမှူး ဦး​ကျော်သူရထွန်းတို့မှ ခြင်းစနစ်၊ကျင်းစနစ်ဖြင့် မှိုစိုက်ပျိုးခြင်းသည် ​မြေဧရိယာကျဉ်းကျဉ်းတွင် စိုက်ပျိုးနိုင်ပြီး လုပ်​ဆောင်ရလွယ်ကူသောကြောင့် ​ဒေသခံတောင်သူများ အပိုဝင်ငွေရရှိစေရန် စိုက်ပျိုးသင့်ကြောင်း၊ကျင်းစနစ်ဖြင့် မှိုစိုက်ပျိုးခြင်းဖြင့် အရင်းအနှီးနည်းနည်းနှင့် အကျိုးအမြတ်ရရှိနိုင်​ကြောင်း၊ အချိန်တိုအတွင်း ခူးဆွတ်နိုင်​သော​ကြောင့် မိသားစုများလည်း စားသုံးနိုင်ခြင်းနှင့် မိသားစု အပို၀င်ငွေရှာ​ဖွေနိုင်ခြင်း၊ မှိုစိုက်ပျိုးဆွတ်ခူးပြီးသည့် ကုန်ကြမ်းများကို သဘာဝ​မြေသြဇာအဖြစ် ဆက်လက်အသုံးပြုနိုင်​ကြောင်း၊​ကျေးလက်​ဒေသ ဖွံ့ဖြိုး​ရေးနှင့်ဆင်းရဲနွမ်းပါးမှု​လျော့ချ​ရေးစီမံကိန်း လုပ်ငန်းစဉ်များတွင် အ​ထောက်အကူပြု​စေရန်နှင့် မသန်စွမ်းသူများလည်း ပါဝင်စိုက်ပျိုးနိုင်ခြင်းဖြစ်ကြောင်း မှိုစိုက်ပျိုးနည်းကို လက်တွေ့ပြုလုပ်ပြသခဲ့သည်။  

အဆိုပါသင်တန်းကို စစ်ကိုင်း မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး၊ ​ချောင်းဦးမြို့နယ်စိုက်ပျိုး​ရေးဌာနမှ၀န်ထမ်းများ၊ စစ်ကိုင်းခရိုင်နှင့် စစ်ကိုင်းမြို့နယ်စိုက်ပျိုး​ရေး ၀န်ထမ်းများ၊ ရမြင်းဆည်ကျေးရွာရှိ  စိတ်ပါဝင်စားသော ဒေသခံတောင်သူများလည်း လာရောက်လေ့လာခဲ့သည်။

ဝင်းမြင့်အောင်(ပြန်ဆက်)