စစ်ကိုင်း    ၂၀  မေ

 

စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့နယ်အတွင်းရှိ ကျေးရွာများသို့ မြို့နယ်သစ်တောဦးစီးဌာနမှ ပျိုးပင်ပေါင်း ၅၇၀ဝ၀ ကျော် အခမဲ့ ဖြန့်ဝေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

စစ်ကိုင်းမြို့နယ် သစ်တောဦးစီးဌာနအနေဖြင့် ကျေးရွာများကို ပျိုးပင်များ အခမဲ့ဖြန့်ဝေပေးနိုင်ရန် သစ်ပင် ပျိုးစေ့ များကို ဝယ်ယူကာ မင်းကွန်းဒေသရှိ စစ်ကိုင်းမြို့နယ် သစ်တောဦးစီးဌာနပိုင် ပျိုးဥယျာဉ်တွင် စတင်၍ စိုက်ပျိုးခဲ့ကြောင်း၊ လက်ရှိတွင် ပျိုးပင်များသည် ဖြန့်ဝေပေးနိုင်သည့် အရွယ်အနေအထား ရောက်ရှိနေပြီ ဖြစ်သော ကြောင့် လာမည့် ဇွန်၊ ဇူလိုင်လများအတွင်း ကျေးရွာများကို အခမဲ့ ဖြန့်ဝေပေးသွားမည် ဖြစ်ကြောင်း စစ်ကိုင်းမြို့နယ် သစ်တောဦးစီးဌာန ဦးစီးမှူး ဦးညွန်လှိုင်က ပြောသည်။

 

rr

 

“စစ်ကိုင်း-မင်းကွန်းမှာ ပျိုးဥယျာဉ်ရှိတယ်။ အဲ့မှာ ကျွန်း၊ ယူကလစ်၊ သစ်မာ၊ ပျဉ်းကတိုး၊ ပိတောက်၊ လျှော်ဖြူ၊ ခရေ၊ ဒဟတ် စတဲ့ အပင်အမျိုးအစားတွေ ရှိတယ်။ အပင်အရေအတွက်ကတော့ ၅၇၂၀ဝ  ရှိ ပါတယ်။ ပျိုးပင်တွေကို ကျေးရွာများသို့ အခမဲ့ ကားတွေနဲ့ပို့ပေးသွားမယ်”ဟု ၎င်းက ပြောသည်။

 

သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည် သာယာလှပစေရန်၊ ရာသီဥတု မျှတကောင်းမွန်လာစေရန်၊ သစ်တော သစ်ပင်များ စိုက်ပျိုးပြုစုထိန်းသိမ်းခြင်း လုပ်ငန်းများတွင် ဒေသခံပြည်သူများ စိတ်ပါဝင်စားမှု ရှိလာစေရန်၊ ဒေသခံပြည်သူများ၏ အခြေခံလိုအပ်ချက်ဖြစ်သော စားဝတ်နေရေး ကိစ္စရပ်များတွင် အထောက်အပံဖြစ်စေရန် ရည်ရွယ်၍ သစ်ပင်ပျိုးပင်များကို အခမဲ့ ဖြန့်ဝေပေးခြင်းဖြစ်ကြောင်း သိရသည်။


ကိုမင်း(အင်းတော်)