စစ်ကိုင်း ဧပြီ ၁၁
စစ်ကိုင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ကြီးမှူး၍ မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)မျိုးစေ့ကြဲပက်ခြင်း လက်တွေ့ပြသခြင်းကို ဧပြီ(၁၀)ရက် နံနက်(၈)နာရီက စစ်ကိုင်းမြို့နယ်၊ ကုန်းကျေးရွာ၊ ကွင်းအမှတ် (၈၂၃) တောင်သူဦးအောင်နိုင်ဝင်း ၏ မိုးစပါးစိုက်ပျိုးမည့် လယ်ကွက်အတွင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
သရုပ်ပြပွဲတွင် ခရိုင်စိုက်ပျိုးရေးဦးစီးမှူးက မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်စိမ်း မြေဩဇာ ကျွေးမည့်နည်းစနစ်များကို ဆွေးနွေးပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးက ရေရှည်တည်တံ့ သော စိုက်ပျိုးမှုစနစ်ဖြစ်လာစေရန်၊ သွင်းအားစုများ ဈေးနှုန်းမြင့်မားသော်လည်း ကုန်ကျစရိတ်သက်သာပြီး စိုက်ပျိုးထုတ်လုပ်မှု တိုးတက်စေရန်၊ အစားအစာ ဘေးအန္တရာယ် ကင်းရှင်းသည့် စိုက်ပျိုးရေး ထွက်ကုန်များရရှိစေရန်၊ တစ်ဧကအထွက်နှုန်း တိုးတက်ပြီး လူမှုစီးပွားဘဝတိုးတက်ပြီး လူ့စွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ သီးနှံစိုက်ပျိုးမှု အလေ့အကျင့်ကောင်းများ ပြောင်းလဲကျင့်သုံး စိုက်ပျိုးတတ်စေရန်၊ ပြောင်းလဲလာသော ရာသီဉတုနှင့် လိုက်လျောညီထွေစွာ စိုက်ပျိုးထုတ်လုပ်တတ်စေရန်တို့အတွက် ရည်ရွယ်ပြီး ကွင်းသရုပ်ပြသပေးရခြင်း ဖြစ်ကြောင်း စသည်ဖြင့် ဆွေးနွေးပေးခဲ့သည်။
အဆိုပါသရုပ်ပြပွဲသို့ စစ်ကိုင်းခရိုင်/ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူးများနှင့် သက်ဆိုင်ရာဌာနဆိုင်ရာများ၊ တိုက်နယ် နည်းပညာပြန့်ပွားရေးစင်တာများမှ တာဝန်ခံများ၊ ကျေးရွာတောင်သူများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။
ဇော်မြင့်နိုင်
စစ်ကိုင်းခရိုင်(ပြန်/ဆက်)