စစ်ကိုင်း ဩဂုတ် ၃၀

 

စစ်ကိုင်းမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနမှ ကြီးမှူး၍ ယူရီးယားဓာတ်မြေဩဇာ စုပေါင်းကြဲပက်ခြင်း ကွင်းသရုပ်ပြပွဲနှင့် စပါးကြဲပက်စိုက်ပျိုးနည်းစနစ်ဖြင့် အထွက်နှုန်းတိုးတက်ရေး အချိန်ကိုက်ဆောင်ရွက် ပြသခြင်း ကွင်းသရုပ်ပြပွဲကို ဩဂုတ် ၃၀ ရက် နံနက်ပိုင်းက ကုန်းရွာကျေးရွာ တောင်သူဦးတင်မောင်ဆွေ၏ တစ်ဧက တင်း(၁၀၀)အထက်ထွက်ရှိရေး စံပြစိုက်ခင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

 

သရုပ်ပြပွဲအခမ်းအနားတွင် ခရိုင်စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးက စပါးကြဲပက်စိုက်ပျိုးနည်းစနစ်ဖြင့် အထွက်နှုန်းတိုးတက်ရေး နည်းပညာပေးအချက်အလက်များကို ဆွေးနွေးပြီး ခရိုင် မြေ/ မျိုး/ ပိုး တာဝန်ခံက စပါးပင်၏ သက်တမ်းအလိုက် မြေဩဇာလိုအပ်ချက်နှင့် ထည့်သွင်းရမည့်အခြေအနေများကို ရှင်းလင်းဆွေးနွေးပေးခဲ့ကြသည်။

 

ဆက်လက်၍ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဇော်ဦးက ပြပွဲဆောင်ရွက်ရသည့် ရည်ရွယ်ချက်များ၊ စပါးတစ်ဧက တင်း(၁၀၀)အထက် ထွက်ရှိရေးအတွက် လိုက်နာရမည့်နည်းစနစ်များနှင့် ယူရီးယားမြေဩဇာ နည်းစနစ်မှန်ကန်စွာ အချိန်ကိုက်အချိုးကျသုံးစွဲသည့် နည်းစနစ်များကို ကျေးရွာတောင်သူများအား ရှင်းလင်းဆွေးနွေးပေးခဲ့သည်။

 

အဆိုပါသရုပ်ပြပွဲသို့ စစ်ကိုင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာမောင်စိုးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ သက်ဆိုင်ရာ တိုက်နယ် စိုက်ပျိုးရေးနည်းပညာ ပြန့်ပွားရေးစင်တာမှ စိုက်ပညာရှင်များ၊ ကျေးရွာတောင်သူများ တက်ရောက်ခဲ့ကြပြီး စိုက်ပျိုးရေးနည်းစနစ် လက်ကမ်းစာစောင်များကို တောင်သူများအား ပေးအပ်ခဲ့ကြကြောင်း သိရသည်။

 

ဇော်မြင့်နိုင်

စစ်ကိုင်းခရိုင်(ပြန်/ဆက်)